ဂျာမနီနိုင်ငံမှာ COVID-19 ပြည်တွင်းကူးစက်မှုထိန်းချုပ်ရေးနဲ့ ကူးစက်မှုဒုတိယလှိုင်းကို ကာကွယ်တားဆီးရေး ပိုမိုတင်းကျပ်တဲ့ lockdown အစီအမံများ သတ်မှတ်ဆောင်ရွက်ရန် အသင့်ပြင်ဆင်နေကြောင်း ပြည်ထောင်စုနဲ့ ဒေသဆိုင်ရာ အစိုးရများကြား သဘောတူညီချက် မူကြမ်းအရ သိရှိရပါတယ်။
(Photo: AFP)
ဂျာမနီမှာ ပြင်ဆင်နေတဲ့ စည်းမျဥ်းအသစ်တွေမှာ ကူးစက်မှုဖြစ်ပွားနေတဲ့ နေရာများကို အဝင်အထွက် ပိတ်ပင်ပြီး ကူးစက်မှုထိန်းချုပ်ကန့်သတ်ရန် ပါဝင်ကြောင်း AFP သတင်းဌာနက ကြည့်ရှုခွင့်ရတဲ့ စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။ ဂျာမနီအာဏာပိုင်တွေက lockdown အစီအစဥ်သစ်ကို ဇူလိုင် ၁၆ ရက်နှောင်းပိုင်းမှာ အပြီးသတ် ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။
ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်မှုအသစ်တွေ မြင့်တက်နေရာ နိုင်ငံတွေက ထိန်းချုပ်ကာကွယ်ရေး ပိတ်ပင်ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်လာကြရာ ဂျာမနီမှာလည်း lockdown အစီအမံသစ်များ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဂျာမနီဟာ အိမ်နီးချင်းနိုင်ငံတွေထက် ကပ်ရောဂါ သက်ရောက်မှုနည်းခဲ့ပါတယ်။
(Photo: Reuters)
မကြာသေးမီက ကူးစက်မှုအစုအဝေးအသစ်များ တွေ့ရှိလာခဲ့ရစဥ် ဂျာမနီအာဏာပိုင်တွေက မြို့တွေနဲ့ ခရိုင်တွေ အားလုံးကို lockdown လုပ်ခြင်းထက် ကူးစက်မှုနေရာအလိုက် lockdown သတ်မှတ်ခြင်း၊ ထိတွေ့မှုနောက်ကြောင်း အလျင်အမြန် စုံစမ်းရှာဖွေခြင်းနဲ့ ဗိုင်းရပ်စ်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။
ဂျာမနီအနောက်ပိုင်း North Rhine-Westphalia ပြည်နယ်ရှိ အသားထုတ်လုပ်တဲ့စက်ရုံတစ်ရုံမှာ ကူးစက်မှုအစုအဝေး တွေ့ရှိလာရပြီး lockdown ပြန်သတ်မှတ်ခဲ့ရခြင်းက ကူးစက်မှုထိန်းချုပ်ကာကွယ်ရေး တိကျတဲ့ စည်းမျဥ်းစည်းကမ်းများ လိုအပ်ကြောင်းကို ပေါ်လွင်စေခဲ့ပါတယ်။
(Photo: AFP)
ဂျမန်အဓိပတိ အန်ဂျလာမာကယ်ကလည်း COVID-19 ကူးစက်မှုဖြစ်ပွားတဲ့ နေရာဒေသတွေမှာ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက အဝင်အထွက် ပိတ်ပင်ခြင်းကို အားပေးထောက်ခံကြောင်း ဇူလိုင် ၁၄ နေ့မှာ ပြောခဲ့ပါတယ်။ ယခု ပြင်ဆင်နေတဲ့ lokdown စီမံဆောင်ရွက်မှုအသစ်အရ ကူးစက်မှုဖြစ်ပွားတဲ့ နေရာဒေသမှ ဒေသခံတွေကို COVID-19 စစ်ဆေးမှု တတ်နိုင်သမျှ အလျင်အမြန် လုပ်ဆောင်နိုင်ရန် စစ်တပ်အကူအညီ ရယူနိုင်တယ်လို့လည်း ဆိုပါတယ်။ ဂျာမနီနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂၀၀,၀၀၀ ကျော်၊ သေဆုံးသူ ၉,၁၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁၈၆,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။