လေထုထဲမှာ ၃ နာရီကြာ ရှင်သန်နေနိုင်ပြီး လူတွေကို ကူးစက်နိုင်ပါတယ်။

ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (severe acute respiratory syndrome coronavirus 2 - SARS-CoV-2) ဟာ လေထုထဲမှာလည်း နာရီနဲ့ချီ ရှင်သန်နေနိုင်ကြောင်း သုတေသနအသစ်အရ သိရှိရပါတယ်။

(Photo: Financial Times)

ထိုဗိုင်းရပ်စ်ဟာ ရောဂါရှိသူ ချောင်းဆိုး၊ နှာချေရာမှ လွင့်ထွက်လာတဲ့ အမှုန်အမွားနဲ့အတူ လေထုထဲမှာ နာရီနဲ့ချီ ရှင်သန်နေနိုင်ပြီး အရာဝတ္ထုတွေရဲ့ မျက်နှာပြင်တွေပေါ်မှာတော့ ရက်နဲ့ချီကြာတဲ့အထိ ရှင်သန်နေနိုင်တာ ဖြစ်ပါတယ်။ အမေရိကန် National Institutes of Health ရဲ့ ဌာနတစ်ခုဖြစ်တဲ့ National Institute of Allergy and Infectious Diseases (NIAID) မှ သိပ္ပံပညာရှင်တွေ COVID-19 လူနာတစ်ဦး ချောင်းဆိုး၊ နှာချေရာမှ လွင့်ထွက်လာတဲ့ ဗိုင်းရပ်စ်အမှုန်အမွားတွေ ပုံစံမျိုး အတုပြုလုပ်ပြီး နေအိမ် သို့မဟုတ် ဆေးရုံရှိ နေ့စဥ် ထိတွေ့နေကျ အရာဝတ္ထုပစ္စည်းတွေရဲ့ မျက်နှာပြင်တွေပေါ်မှာ ရှင်သန်နေနိုင်မှု အခြေအနေကို သုတေသနပြု လေ့လာခဲ့ကြကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။



(Image: AntiguaObserver)

ထိုသို့ သုတေသနပြု လေ့လာခဲ့ရာမှာ SARS-CoV-2 ဗိုင်းရပ်စ်ဟာ လေထုထဲမှာနဲ့ အရာဝတ္တုတွေရဲ့ မျက်နှာပြင်တွေပေါ်မှာ ရှင်သန်နေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါ တွေ့ရှိချက်ကို New England Journal of Medicine ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ သုတေသနစမ်းသပ်မှုအရ ဗိုင်းရပ်စ်ဟာ လူနာတစ်ဦး ချောင်းဆိုး၊ နှာချေလိုက်ရာမှ လွင့်ထွက်လာတဲ့ အမှုန်အမွားနဲ့အတူပါသွားပြီး လေထုထဲမှာ အနည်းဆုံး ၃ နာရီကြာ ရှင်သန်နေနိုင်ပြီး လူတွေကို ကူးစက်နိုင်ကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ဟာ ပလတ်စတစ်နဲ့ သံမဏိတွေပေါ်မှာတော့ ၃ ရက်အထိနဲ့ ကတ်ထူပြားတွေပေါ်မှာ ၂၄ နာရီကြာ ရှင်သန်နေနိုင်ပါတယ်။

(Photo: Reuters)

ကြေးနီပေါ်မှာတော့ အချိန် ၄ နာရီကြာအထိ COVID-19 ရောဂါဗိုင်းရပ်စ်က ရှင်သန်နေနိုင်တယ်လို့ ဆိုပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ ဗိုင်းရပ်စ်ကြောင့် မတ်လ ၁၈ ရက် ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်း လူ ၈,၆၉၆ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၂၀၈,၄၁၃ ဦးရှိလာကြောင်း သိရပါတယ်။ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ် ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က