loading...

loading...

loading...

COVID-19 ကြောင့် သေဆုံးမှုနှုန်းဟာ နိုင်ငံပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။
Ko John

COVID-19 ရောဂါဖြစ်ပွားသူ ၃.၄ ရာခိုင်နှုန်းခန့် သေဆုံးကြောင်းနဲ့ အဆိုပါ သေဆုံးမှုနှုန်းဟာ ရာသီတုပ်ကွေးကြောင့် သေဆုံးမှုနှုန်းထက် ပိုမိုမြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ယနေ့ (မတ်လ ၄ ရက်) ပြောပါတယ်။

(Photo: AFP)

ရာသီတုပ်ကွေးကြောင့် သေဆုံးမှုနှုန်းဟာ ၁ ရာခိုင်နှုန်းအောက် ဖြစ်ပါတယ်။ ရာသီတုပ်ကွေးထက် သေဆုံးမှုနှုန်း များနေပေမဲ့ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျနီဗာမြို့မှာ ပြောကြားခဲ့ပါတယ်။

"အတိုချုံးပြောရရင် COVID-19 က တုပ်ကွေးထက် ကူးစက်ပျံ့နှံ့မှု နည်းပါတယ်၊ ဖျားနာခြင်းမရှိတဲ့ လူတွေကနေတစ်ဆင့် ကူးစက်ပုံမရပါဘူး၊ ဒီဗိုင်းရပ်စ်က တုပ်ကွေးထက် ပိုမိုပြင်းထန်တဲ့ နာမကျန်းမှုကို ဖြစ်စေပါတယ်၊ အခုအချိန်ထိ ကာကွယ်ဆေးတစ်မျိုးမျိုး ဒါမှမဟုတ် ကုထုံးတစ်ခုခု မရှိသေးပါဘူး၊ ပြီးတော့ ဒီဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပါတယ်" လို့ WHO အကြီးအကဲက ဆိုပါတယ်။

(Photo: Reuters)

ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ အဆိုအရ COVID-19 ကြောင့် သေဆုံးမှုနှုန်းဟာ နိုင်ငံပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။ အကယ်၍ စာရင်းမဖော်ပြနိုင်သော မပြင်းထန်တဲ့ COVID-19 ဖြစ်ပွားမှု ထောင်နဲ့ချီရှိခဲ့ပါက သေဆုံးမှုနှုန်းဟာ ယခုထက် ပိုမိုနည်းနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းတို့က ဆိုပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ လက်ရှိမှာ တရုတ်ပြည်မကြီးအတွင်းမှာထက် ပြင်ပနိုင်ငံနဲ့ နေရာဒေသတွေမှာ ပိုမိုလျင်မြန်စွာ ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တရုတ်ပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှုဟာ တရုတ်ပြည်မကြီးမှာထက် ရှစ်ဆနီးပါးအထိ ပိုများခဲ့ကြောင်း Tedros က မတ်လ ၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: AFP)

လက်ရှိ အခြေအနေတွေအရ COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအန္တရာယ်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအတွက် အလွန်မြင့်မားကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ တောင်ကိုရီးယား၊ အီတလီ၊ အီရန်နဲ့ ဂျပန်နိုင်ငံတို့မှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ အစိုးရိမ်ရဆုံးဖြစ်တယ်လို့ Tedros ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်လာတဲ့ နိုင်ငံတွေအနက် မတ်လ ၄ ရက် ညပိုင်းအထိ တောင်ကိုရီးယားမှာ ကူးစက်ခံရသူ ၅,၃၂၈ ဦးနဲ့ သေဆုံးသူ ၃၂ ဦး၊ အီရန်မှာ ကူးစက်ခံရသူ ၂,၉၂၂ ဦးနဲ့ သေဆုံးသူ ၉၂ ဦး၊ အီတလီမှာ ကူးစက်ခံရသူ ၂,၅၀၂ ဦးနဲ့ သေဆုံးသူ ၇၉ ဦးအထိ မြင့်တက်ခဲ့ပါတယ်။

(Photo: AFP)

မတ်လ ၄ ရက် ညပိုင်းအထိ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တရုတ်ပြည်မကြီးမှာ ၂,၉၈၁ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ၃,၂၁၇ ဦး ဖြစ်ပါတယ်။ မတ်လ ၄ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၈၀,၂၇၀ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၃,၇၁၇ ဦးရှိလာခဲ့ပြီး ၎င်းတို့အနက် ၅၁,၀၂၆ ဦး ပြန်လည်သက်သာခဲ့ပါတယ်။

လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ကမ္ဘာ့နိုင်ငံ ၁၉၅ ခုအနက် ၈၀ ခုမှာ တွေ့ရှိထားရပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာတော့ မတ်လ ၄ ရက်နေ့အထိ မြန်မာ၊ လာအိုနဲ့ ဘရူနိုင်း သုံးနိုင်ငံကလွဲပြီး ကျန်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှားတို့မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ စစ်ဆေးတွေ့ရှိထားပါတယ်။

(Photo: AFP)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။

Source: Reuters


ဆက်စပ်အကြောင်းအရာများ


loading...

က္က