COVID-19 ကူးစက်မှုတွေဟာ ထိန်းချုပ်နိုင်ပြီလို့ ယူဆခဲ့တဲ့ နိုင်ငံတွေ အပါအဝင် နေရာမျိုးစုံမှာ ပြန်မြင့်တက်နေပါတယ်။

ကမ္ဘာတစ်ဝန်း လူဦးရေ ၁၆ သန်းကျော်ကို ကူးစက်သွားခဲ့တဲ့ COVID-19 ကပ်ရောဂါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရင်ဆိုင်ခဲ့ရတဲ့ အဆိုးဆုံး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ယနေ့ (ဇူလိုင် ၂၇ ရက်) ပြောပါတယ်။

(Photo: Reuters)

mask တပ်ခြင်းမှ လူစုလူဝေး မဖြစ်စေခြင်းအထိ ကျန်းမာရေးစီမံဆောင်ရွက်ချက်တွေကို တိကျစွာ လိုက်နာခြင်းကသာလျှင် COVID-19 ကို တိုက်ဖျက်နိုင်မယ်လို့လည်း WHO အကြီးအကဲက ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ဖြည့်စွက် ပြောခဲ့ပါတယ်။



"ဒီစီမံဆောင်ရွက်ချက်တွေကို လိုက်နာခဲ့တဲ့ နေရာတွေမှာ ကူးစက်မှုတွေ လျော့ကျသွားခဲ့ပါတယ်၊ မလိုက်နာတဲ့ နေရာတွေမှာ ကူးစက်မှုတွေ မြင့်တက်နေတယ်" လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။ WHO အကြီးအကဲက ကနေဒါ၊ တရုတ်၊ ဂျာမနီနဲ့ တောင်ကိုရီးယားတို့ကို COVID-19 ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ကာကွယ်မှုနဲ့ ပတ်သက်ပြီး ချီးကျူးခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: Reuters)

လတ်တလောမှာ COVID-19 ကူးစက်မှုတွေဟာ ထိန်းချုပ်နိုင်ပြီလို့ ယူဆခဲ့တဲ့ နိုင်ငံတွေ အပါအဝင် နေရာမျိုးစုံမှာ ပြန်လည် မြင့်တက်နေခဲ့ပြီး တစ်ကမ္ဘာလုံးအတွက် သတိထားစရာဖြစ်နေပါတယ်။ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူအရေအတွက်ဟာလည်း ယနေ့ညပိုင်းမှာ ၆၅၃,၀၀၀ ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းများ၊ ကူးစက်မှုအသစ် အထွတ်အထိပ်များနဲ့ ပြည်တွင်းကူးစက်မှု အစုအဝေးများ အဓိပ္ပါတယ်ဖွင့်ဆိုချက်တို့ထက် ကမ္ဘာတစ်ဝန်း နိုင်ငံတွေအနေနဲ့ ခပ်ခွာခွာနေရမယ့် စည်းမျဥ်းစည်းကမ်းများ အပါအဝင် တင်းကျပ်တဲ့ ကျန်းမာရေးကန့်သတ်ချက်တွေကို လိုက်နာကြရန် လိုအပ်ချက်က များစွာပိုအရေးကြီးကြောင်း WHO ရဲ့ အရေးပေါ်အစီအစဥ်ဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန်က ပြောပါတယ်။

(Photo: Reuters)

"ဗိုင်းရပ်စ်ကို ဖိအားပေးထားရင် ကူးစက်မှုတွေက ကျဆင်းသွားတယ်ဆိုတာ ရှင်းပါတယ်၊ အဲဒီဖိအားကို လွှတ်လိုက်ရင် ကူးစက်မှုတွေ ပြန်မြင့်တက်လာတာပဲ" လို့ ၎င်းကဆိုပါတယ်။ "ကျွန်တော်တို့က ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရမယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့က ကူးစက်ထိခိုက်လွယ်တဲ့ အုပ်စုတွေကို ခွဲခြားရွေးထုတ်ရမှာဖြစ်ပြီး အသက်တွေကို ကယ်ရမှာပါ၊ သေဆုံးမှုနှုန်းကို ဖြစ်နိုင်ရင် သုညဖြစ်အောင် ထိန်းထားရပါမယ်" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။ WHO အကြီးအကဲက ဂျပန်နဲ့ ဩစတြေးလျတို့ကိုလည်း ၎င်းတို့ရဲ့ COVID-19 ကူးစက်မှုထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေအတွက် ချီးကျူးခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

Share

Loading Next Article...
က္က