လာမယ့် ရက်များအတွင်း အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးမှု အမြောက်အမြားရှိလာတော့မှာဖြစ်ပြီး နိုင်ငံဟာ ကပ်ရောဂါရဲ့ အခက်ခဲအကြမ်းတမ်းဆုံး သီတင်းပတ်နှစ်ပတ်ကို ရင်ဆိုင်ရနေရကြောင်း သမ္မတဒေါ်နယ်ထရန့်က သတိပေး ပြောကြားပါတယ်။
"သေဆုံးမှုအမြောက်အမြား ရှိလာတော့မယ်" လို့ ထရန့်က COVID-19 ကိစ္စ ရှင်းလင်းပြောကြားရာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဝါရှင်တန်ဒေသစံတော်ချိန် ဧပြီ ၄ ရက် မွန်းလွဲပိုင်းက အိမ်ဖြူတော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရန့်က ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စိုးရိမ်ရတဲ့အခြေအနေရှိ လူနာတွေ အသက်ရှင်ရန်အတွက် လိုအပ်နေတဲ့ အသက်ရှူအကူစက်များ ပြည်ထောင်စုအစိုးရက ပြည်နယ်များသို့ လုံလုံလောက်လောက် မပေးခဲ့ကြောင်း ဝေဖန်မှုတွေကိုလည်း သမ္မတထရန့်က တုံ့ပြန်သွားခဲ့ပါတယ်။ ပြည်နယ်အချို့က အုပ်ချုပ်ရေးမှူးတွေဟာ အသက်ရှူအကူစက်တွေကို လိုအပ်တာထက် ပိုမိုတောင်းခံနေကြတယ်လို့ ထရန့်က ဆိုပါတယ်။
"ပစ္စည်းပြတ်လပ်မှာကို စိုးရိမ်းစိတ်တွေကြောင့် လိုတာထက်ပိုပြီး တောင်းဆိုတာတွေ ဖြစ်လာတယ်" လို့ ၎င်းက ပြောခဲ့ပါတယ်။ ယနေ့ (ဧပြီ ၅ ရက်) အထိ စာရင်းတွေအရ အမေရိကန်ဟာ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်နေပြီး သေဆုံးမှုတွေလည်း နေ့စဥ် တိုးလာနေပါတယ်။
လက်ရှိအချိန်အထိ အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၃၁၁,၆၃၇ ဦးနဲ့ သေဆုံးသူ ၈,၄၅၄ ဦးအထိ မြင့်တက်လာပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသူကတော့ ၁၄,၈၂၅ ဦးရှိခဲ့ကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးဖြစ်ပွားနေတဲ့ နယူးယော့ခ်မှာ ယမန်နေ့ကအထိ သေဆုံးသူ ၃,၆၅၆ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
နယူးယော့ခ်ပြည်နယ်မှာ ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက် ၆၃၀ အထိ မြင့်တက်ခဲ့ပြီး နေ့စဥ် သေဆုံးမှုနှုန်း အမြင့်ဆုံးအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။ သမ္မတအိမ်ဖြူတော်မှ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအတွင်း နေအိမ်မှာနေကြရန် ညွှန်ကြားချက်တွေကို လိုက်နာကြသည့်တိုင် အမေရိကန် ၁၀၀,၀၀၀ မှ ၂၄၀,၀၀၀ ကြား သေဆုံးနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် မတ်လ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၁,၂၀၃,၁၃၀ ဦး၊ သေဆုံးသူ ၆၄,၇၄၄ ဦးနဲ့ ပြန်လည်သက်သာသူ ၂၄၆,၇၅၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။
Source: Reuters, CNA, BBC