ဗြိတိန်ဝန်ကြီးချုပ်ဟာ ဆေးရုံဆင်းနိုင်ပြီဖြစ်ပေမဲ့ ချက်ချင်း အလုပ်ပြန်လုပ်မှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။

COVID-19 ကူးစက်ခံရမှုကြောင့် အထူးကြပ်မတ်ကုဆောင်မှာ ကုသမှုခံယူခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဆေးရုံဆင်းနိုင်ခဲ့ပြီလို့ သိရပါတယ်။

(Photo: 10 Downing Street/AFP via Getty Images)

ဘောရစ်ဂျွန်ဆင်ဟာ ယနေ့ (ဧပြီ ၁၂ ရက်) ဆေးရုံဆင်းနိုင်ပြီဖြစ်ပေမဲ့ ချက်ချင်း အလုပ်ပြန်လုပ်မှာ မဟုတ်သေးကြောင်း အမှတ် ၁၀၊ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ အသက် ၅၅ နှစ်အရွယ် ဗြိတန်ဝန်ကြီးချုပ်ဟာ COVID-19 ကူးစက်ခံရပြီးနောက် ၁၀ ရက်အကြာ ဧပြီ ၅ ရက်နေ့က လန်ဒန်မြို့ရှိ St Thomas's ဆေးရုံကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။



ထို့နောက် ဧပြီ ၆ ရက်နေ့မှာတော ဆေးရုံရဲ့ အထူးကြပ်မတ်ကုဆောင်သို့ လွှဲပြောင်းခဲ့ပြီးနောက် အောက်စီဂျင်ပေးထားခဲ့ကြောင်း ၎င်းရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ ဘောရစ်ဂျွန်ဆင်ဟာ အထူးကြပ်မတ်ကုသဆောင်မှာ သုံးရက်ကြာ ကုသမှုခံယူခဲ့ရပြီးနောက် ဧပြီ ၉ ရက်နေ့မှာ အထူးကြပ်မတ်ဆောင်မှ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Getty Images)

ဆေးရုံဆင်းနိုင်ပြီဖြစ်တဲ့ ဘောရစ်ဂျွန်ဆင်ဟာ Chequers ဝန်ကြီးချုပ်စံအိမ်မှာ နေထိုင်သွားမယ်လို့ ဆိုပါတယ်။ "သူ့ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ အကြံပေးမှုအရ ဝန်ကြီးချုပ်က ချက်ချင်း အလုပ်ပြန်လုပ်မှာ မဟုတ်ပါဘူး၊ သူ့ကို အလွန့်အလွန် ဂရုစိုက်ကုသပေးခဲ့ကြတဲ့အတွက် St Thomas's ဆေးရုံမှ အားလုံးကို ဝန်ကြီးချုပ်က ကျေးဇူးတင်ကြောင်း ပြောပါတယ်" လို့ ဒေါင်းနင်းလမ်း ရုံးခန်းက ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်အထိ ဘောရစ်ဂျွန်ဆင်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အထင်ရှားဆုံး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ၎င်းရဲ့ ကိုယ်ဝန်ဆောင် လက်တွဲဖော် ကာရီဆိုင်မွန်စ်ဟာလည်း COVID-19 လက္ခဏာများနဲ့ တစ်ပတ်ကြာ နေမကောင်းဖြစ်ခဲ့သေးပေမဲ့ ယခုအခါမှာတော့ ပြန်လည်သက်သာနေပြီလို့ ဆိုပါတယ်။

(Photo: PA)

ယနေ့ ညပိုင်းအထိ စာရင်းတွေအရ ဗြိတိန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၇၈,၉၉၁ ဦးနဲ့ သေဆုံးသူ ၉,၈၇၅ ဦးရှိပြီး ပြန်လည်သက်သာသူ အရေအတွက် ၃၄၄ ဦးဖြစ်ကြောင်း သိရပါတယ်။ ထိုအတောအတွင်း ဗြိတန်နိုင်ငံဟာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးဖြစ်ခဲ့တဲ့ ဥရောပနိုင်ငံများကဲ့သို့ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း အစိုးရရဲ့ အကြီးတန်း သိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Sir Jeremy Farrar က သတိပေးခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က