Ko John

တရုတ်မှာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ကိုယ်ကျိုးစွန့်ကြိုးပမ်းရင်း အသက်စွန့်ခဲ့သူတွေနဲ့ ရောဂါကြောင့် သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ယနေ့ (ဧပြီ ၄ ရက်) ပြုလုပ်ခဲ့ကြပါတယ်။

(Photo: Xinhua)

ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တိုင်ဝက်လျှော့ချခဲ့ပြီး ဖျော်ဖြေရေးအစီအစဥ်အားလုံးကို ရပ်ဆိုင်းထားခဲ့ကြောင်း သိရပါတယ်။ ယနေ့ဟာ တရုတ်မိသားစု သန်းနဲ့ချီပြီး ဘိုးဘွားတွေကို ၎င်းတို့ရဲ့ ဘိုးဘေးဘီဘင်တွေကို ကန့်တော့ကြတဲ့နေ့လည်း ဖြစ်နေပါတယ်။



ဘေဂျင်းဒေသစံတော်ချိန် ယနေ့မနက် ၁၀ နာရီမှာ COVID-19 တိုက်ဖျက်ရေး ရှေ့တန်းမှပါဝင်ခဲ့ပြီး သေဆုံးခဲ့ကြတဲ့ ဆေးဘက်ဝန်ထမ်းများနဲ့ ဆရာဝန်များ အပါအဝင် သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် သုံးမိနစ် ငြိမ်သက်ခဲ့ကြပါတယ်။ ကားများ၊ ရထားများနဲ့ သင်္ဘောများက ဟွန်းသံများနဲ့ အချက်ပေးဥဩသံများပေးခဲ့ကြပါတယ်။

(Photo: Xinhua)

ဘေဂျင်းမြို့ရှိ အာဏာရ ကွန်မြူနစ်ပါတီဌာနချုပ်နဲ့ နိုင်ငံတော်ကောင်စီရုံးစိုက်ရာ Zhongnanhai မှာတော့ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အခြား တရုတ်ခေါင်းဆောင်တွေက နိုင်ငံတော်အလံရှေ့မှာ COVID-19 ကြောင့် သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်ခဲ့ကြကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

၎င်းတို့ ရင်ဘတ်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အဖြူရောင်ပန်းပွင့်များထိုးထားကြောင်းလည်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံမှာ ယနေ့ မွန်းလွဲပိုင်းအထိ ကူးစက်ခံရသူ ၈၁,၆၃၉ ဦးရှိပြီး ၃,၃၂၆ ဦး သေဆုံးခဲ့ကြောင်းနဲ့ ပြန်လည်သက်သာလာသူ ၇၆,၇၅၅ ဦးရှိခဲ့ပါတယ်။

(Photo: Xinhua)


လက်ရှိအချိန်မှာတော့ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ လျော့ကျသွားခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာလကုန်က ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ ဝူဟန်မြို့အပါအဝင် ဟူဘေးပြည်နယ်မှာ လနဲ့ချီကြာ အသွားအလာ ပိတ်ပင်ကန့်သတ်ထားမှုကို စတင်ဖြေလျော့ပေးနေပြီ ဖြစ်ပါတယ်။ COVID-19 ကူးစက်မှုတွေဟာ တရုတ်မှာ လျော့ကျသွားခဲ့ပေမဲ့ အမေရိကန်၊ အီတလီ၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်တို့မှာတော့ သိသာစွာ မြင့်တက်လာခဲ့ပြီး တရုတ်ထက် ပိုမိုများပြားခဲ့ပါတယ်။

(Photo: Reuters)

ထို့အတူ အမေရိကန်၊ အီတလီ၊ စပိန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့မှာ သေဆုံးသူအရေအတွက်ဟာလည်း တရုတ်မှာထက် ပိုမိုများပြားနေပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ ယနေ့ မွန်းလွဲပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၁၁၉,၇၀၂ ဦးနဲ့ သေဆုံးသူ ၅၉,၂၄၅ ဦးအထိ မြင့်တက်လာခဲ့ပြီး ပြန်လည်သက်သာသူဦးရေ ၂၂၉,၃၃၈ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က