COVID-19 က ၂၀၀၇-၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းထက် ပိုဆိုးနိုင်တဲ့ စီးပွားရေးကျဆင်းမှု ဖြစ်လာစေမှာပါ။
Ko John

လတ်တလော ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါဗိုင်းရပ်စ်က ယခုနှစ်အတွင်း ၂၀၀၇-၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းထက်ပင် ပိုမိုဆိုးရွားနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု ဖြစ်လာစေမယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF) က ပြောပါတယ်။

၂၀၂၀ ခုနှစ်မှာ COVID-19 ကူးစက်ဖြစ်ပွားမှုတွေကြောင့် ကမ္ဘာ့တစ်ဝှမ်း စီးပွားရေးကျဆင်းမှုကြုံရမှာ ဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ်မှာ ပြန်လည်နာလန်ထူနိုင်မယ်လို့လည်း IMF က သုံးသပ်ထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားနေတဲ့ ကာလအတွင်း ကျန်းမာရေးစနစ်မြှင့်တင်ရန်နဲ့ သက်ရောက်ထိခိုက်မှုရှိတဲ့ ကုမ္ပဏီများ၊ ဝန်ထမ်းများကို အကာအကွယ်ပေးရန် နိုင်ငံအများအပြားက အထူးတလည် ဘဏ္ဍာရေးစီမံဆောင်ရွက်မှုများ လုပ်ဆောင်မှုတွေနဲ့ ဗဟိုဘဏ်တွေက အတိုးနှုန်းလျှော့ချမှုတွေအပေါ် IMF မန်နေးဂျင်းဒါရိုက်တာ ခရစ္စတာလီနာ ဂျီရိုဂီဗာက ကြိုဆိုခဲ့ပါတယ်။

သို့သော် နောက်ထပ် လုပ်ဆောင်မှုတွေ လိုအပ်သေးတယ်လို့ သူမက ဆိုပါတယ်။ ဂျီရိုဂီဗာက ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး G20 နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်တာဝန်ရှိသူများနဲ့ ဆွေးနွေးပွဲတစ်ရပ်အပြီးမှာ သူမရဲ့ သုံးသပ်ချက်ကို ပြောခဲ့တာဖြစ်ပါတယ်။ G20 နိုင်ငံများနဲ့ ဆွေးနွေးပွဲမှာ ကမ္ဘာတစ်ဝှမ်းက စည်းလုံးညီညွတ်မှု လိုအပ်ကြောင်း သဘောတူညီခဲ့ကြပါတယ်။

(Photo: Getty Images)

"ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် လူသားတွေအတွက် ပေးဆပ်ကုန်ကျရမှုများဟာ တိုင်းတာလို့မရနိုင်ပါဘူး၊ နိုင်ငံအားလုံးက လူတွေကို ကာကွယ်ဖို့နဲ့ စီးပွားရေးထိခိုက်မှုကို အကန့်အသတ်ဖြစ်စေဖို့ အတူတကွ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" လို့ ဂျီရိုဂီဗာ ပြောခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုဟာ ၂၀၁၉ ခုနှစ်က ၂.၉ ရာခိုင်နှုန်းဖြစ်ခဲ့တာထက် လျော့နည်းလိမ့်မယ်လို့ ယခုအစောပိုင်းမှာ သူမက သတိပေးခဲ့ပါတယ်။

မတ်လ ၂၃ ရက်နေ့မှာတော့ IMF အကြီးအကဲက ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး နာလန်ပြည်ထူမယ်လို့ မျှော်လင့်ထားကြောင်း၊ သို့သော် ထိုသို့ နာလန်ပြန်ထူစေရန် နိုင်ငံများအနေနဲ့ ဗိုင်းရပ်စ်ထိန်းချုပ်မှုနဲ့ ကျန်းမာရေးစနစ် ခိုင်မာကောင်းမွန်မှုကို ဦးစားပေး လုပ်ဆောင်ရန်လိုအပ်တယ်လို့ ၎င်းက ပြောကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


"ဗိုင်းရပ်စ်ကူးစက်မှုရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုက ပြင်းထန်ပါလိမ့်မယ်၊ ဒါပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှု မြန်မြန်ရပ်တန့်နိုင်လေ စီးပွားရေး နာလန်ပြန်ထူမှုက ပိုမိုမြန်ဆန်ပြီး ပိုမိုအားကောင်းပါလိမ့်မယ်" လို့ IMF အကြီးအကဲ ဂျီရိုဂီဗာက ပြောပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကြောင့် မတ်လ ၂၄ ရက်နေ့ ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ ၁၇,၃၄၂ ဦး သေဆုံးခဲ့ပါတယ်။ ထိုနေ့ညပိုင်းအထိ ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ ၃၉၇,၆၅၁ ဦး ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ ၁၀၃,၃၃၄ ဦးရှိကြောင်း သိရပါတယ်။


က္က