ဒိန်းမတ်နဲ့ဂျာမနီ နယ်စပ်နေရာမှာ နေ့စဥ် ချိန်းဆိုတွေ့ဆုံနေကြဆဲပါ။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ဖြစ်ပွားနေတာကြောင့် ဥရောပနိုင်ငံတွေက နယ်စပ်တွေပိတ်ထားပေမဲ့ သက်ကြီးရွယ်အို စုံတွဲတစ်တွဲကတော့ ဒိန်းမတ်နဲ့ဂျာမနီ နယ်စပ်နေရာမှာ နေ့စဥ် ချိန်းဆိုတွေ့ဆုံနေကြဆဲဖြစ်ပြီး သူတို့နှစ်ဦးကို ဒေသတွင်းမှာ လူသိများလာပါတယ်။


(Photo: DPA/PA Images)

ဒိန်းမတ်နိုင်ငံမှ အသက် ၈၅ နှစ်အရွယ် အဘွားအို Inga Rasmussen နဲ့ ဂျာမနီနိုင်ငံမှ အသက် ၈၉ နှစ်အရွယ် အဘိုးအို Karsten Tüchsen Hansen တို့က Aventoft မြို့ငယ်လေးနီး နှစ်နိုင်ငံ နယ်စပ်မျဥ်းရဲ့ တစ်ဖက်စီမှာ သတ်မှတ်အကွာအဝေးအတိုင်းထိုင်လျက် နေ့စဥ်တွေ့ဆုံကာ လက်ဖက်ရည်၊ ကော်ဖီသောက်ရင်း စကားစမြည် ပြောကြပါတယ်။



ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဂျာမနီ-ဒိန်းမတ် နယ်စပ်ကို လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်မှစပြီး ပိတ်ထားခဲ့ပါတယ်။ ယခင်ကတော့ ဥရောပရဲ့ Schengen Area ထဲမှာ ပါဝင်ကြတဲ့ နိုင်ငံများကြား ကန့်သတ်ချက်များမရှိဘဲ ကူးလူးသွားလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

(Photo: DPA/PA Images)

Schengen Area မှာ ပါဝင်တဲ့ နိုင်ငံများကြား နယ်စပ်စည်းခြားမှုတွေကို ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖော်ဆောင်ကာ နယ်စပ်ပိတ်ပင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သို့သော် COVID-19 ကမ္ဘာ့ကပ်ရောဂါက Rasmussen နဲ့ Hansen စုံတွဲရဲ့ ချိန်းဆိုတွေ့ဆုံမှုကို မရပ်တန့်နိုင်ခဲ့ပါဘူး။

"ဒါက ဝမ်းနည်းစရာပါ၊ ဒါပေမဲ့ ကျွန်မတို့ မပြောင်းလဲနိုင်ပါဘူး" လို့ Rasmussen က ဂျာမန်သတင်းဌာန Deutsche Welle ကို ပြောပါတယ်။ COVID-19 အကျပ်အတည်းကာလအတွင်း ဒေသတွင်း မြို့ငယ်တစ်ခုရဲ့ အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်စီးသွားစဥ် ၎င်းတို့စုံတွဲကို စတင်တွေ့ရှိခဲ့ပြီးနောက် ဒေသတွင်းမှာ လူသိများလာခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

(Photo: DPA/PA Images)

Rasmussen နဲ့ Hansen တို့ဟာ လွန်ခဲ့တဲ့နှစ်နှစ်က တွေ့ဆုံခဲ့ကြပြီး တစ်နှစ်ကျော်ကြာတဲ့အထိ နေ့စဥ်နီးပါး အတူတကွ ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ယခုအခါ နှစ်နိုင်ငံနယ်စပ်ကို ပိတ်လိုက်ပေမဲ့ အဘွားအို Rasmussen က ဒိန်းမတ်နိုင်ငံရှိ သူမရဲ့ Gallehus မြို့လေးကနေ ကားမောင်းလာပြီး အဘိုးအို Hansen ကတော့ ဂျာမနီနိုင်ငံ Süderlügum ဒေသကနေ ဆိုင်ကယ်စီးလာကာ နှစ်နိုင်ငံနယ်စပ်မှာ ဆုံကြပါတယ်။

COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မတိုင်မီက ၎င်းတို့စုံတွဲဟာ အတူတကွ ခရီးများထွက်ခဲ့ဖူးပြီး ကပ်ရောဂါဖြစ်ပွားမှု ပြီးဆုံးသွားပါက နောက်တစ်ကြိမ် ခရီးအတူထွက်ရန်လည်း စီစဥ်ထားတယ်လို့ ဆိုပါတယ်။

(Photo: DPA/PA Images)

Rasmussen နဲ့ Hansen တို့ စုံတွဲဟာ ကပ်ရောဂါကူးစက်ဖြစ်ပွားတဲ့ ကာလအတွင်းမှာလည်း အတူတွေ့ဆုံနိုင်ရေး ဆန်းသစ်တဲ့နည်းလမ်းကို ရှာဖွေခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ မတ်လ ၃၁ ရက် ညပိုင်းအထိ ဒိန်းမတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၈၁၅ ဦးနဲ့ သေဆုံးသူ ၉၀ ဦးရှိပြီး ဂျာမနီမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇,၀၅၁ ဦးနဲ့ သေဆုံးသူ ၆၈၂ ဦးအထိ ရှိလာခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၃၁ ရက် ညပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၈၁၀,၁၂၇ ဦးနဲ့ သေဆုံးသူ ၃၉,၅၇၃ ဦးအထိ မြင့်တက်လာပြီး ပြန်လည်သက်သာလာသူ ၁၇၂,၅၃၂ ဦးရှိခဲ့ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကြေညာထားပါတယ်။

Share

Loading Next Article...
က္က