ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို WHO က တုံ့ပြန်ဆောင်ရွက်ရာမှာ ၎င်းရဲ့ မူလတာဝန် မကျေခဲ့ဘူးလို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကို ရန်ပုံငွေထောက်ပံ့မှုတွေ ရပ်ဆိုင်းထားမယ်လို့ ဧပြီ ၁၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

(Photo: Reuters)

COVID-19 ကပ်ရောဂါအရေး ကိုင်တွယ်ဆောင်ရွက်ပုံမှုတွေအပေါ် ကျေနပ်မှုမရှိတာကြောင့် ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းထားမယ်လို့ ထရန့်ကဆိုပါတယ်။ WHO ဟာ COVID-19 ရောဂါဖြစ်စေတဲ့ SARS-COV-2 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တုံ့ပြန်ဆောင်ရွက်ရာမှာ ၎င်းရဲ့ မူလတာဝန် မကျေခဲ့ဘူးလို့ အမေရိကန်သမ္မတထရန့်က ပြောဆိုခဲ့ပါတယ်။



တရုတ်မှာ ဗိုင်းရပ်စ် စတင်တွေ့ရှိရပြီးနောက် WHO က စီမံဆောင်ရွက်မှုတွေ လွဲမှားခဲ့ကြောင်းနဲ့ ကူးစက်ပျံ့နှံ့မှုကို ဖုံးကွယ်ခဲ့ကြောင်း ထရန့်က စွပ်စွဲခဲ့ပြီး ထိုအတွက် တာဝန်ခံရမယ်လို့လည်း ဆိုပါတယ်။ အစောပိုင်းမှာလည်း သမ္မတထရန့်က WHO ဟာ တရုတ်ကို ဘက်လိုက်မှုရှိကြောင်း စွပ်စွဲထားခဲ့ပါတယ်။

(Photo: Alex Brandon/AP)

"ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး လွဲမှားတဲ့ စီမံဆောင်ရွက်မှုတွေနဲ့ ဖုံးကွယ်မှုမှာ WHO ရဲ့ အခန်းကဏ္ဍအပေါ် ပြန်သုံးသပ်နေတုန်းမှာ ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းထားဖို့ ကျွန်တော့်အစိုးရအဖွဲ့ကို ညွှန်ကြားထားပါတယ်" လို့ အမေရိကန်သမ္မတထရန့်က အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ "WHO က သူ့ရဲ့ မူလတာဝန်ကို မကျေပွန်ခဲ့ဘူး၊ ဒီအတွက် တာဝန်ခံရမယ်" လို့ ထရန့်က ဖြည့်စွက်ပြောပါတယ်။

အမေရိကန်ဟာ WHO အတွက် ရန်ပုံငွေအများဆုံး ထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်ပြီး ယမန်နှစ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရန်ပုံငွေပေးအပ်ခဲ့ပြီး WHO ရဲ့ စုစုပေါင်း ရန်ပုံငွေရဲ့ ၁၅ ရာခိုင်နှုန်းနီးပါး ဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ ၂၀၁၈-၁၉ ခုနှစ်မှာ WHO အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၆ သန်းနဲ့ စေတနာအလျောက် ထည့်ဝင်တဲ့ရန်ပုံငွေ ဒေါ်လာ ၁၀ သန်း ပေးအပ်ခဲ့ကြောင်း WHO ရဲ့ ဝက်ဘ်ဆိုက်ကို ကိုးကားပြီး BBC သတင်းက ဖော်ပြပါတယ်။

(Photo: Xinhua)

အမေရိကန်ဟာ လက်ရှိမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ယနေ့ (ဧပြီ ၁၅ ရက်) မွန်းလွဲပိုင်းအထိ အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၆၁၄,၂၄၆ ဦးနဲ့ သေဆုံးသူ ၂၆,၀၆၄ ဦးအထိ ဆက်လက် မြင့်တက်နေပြီး ပြန်လည်သက်သာသူ ၃၈,၈၂၀ ဦးရှိခဲ့ပါတယ်။

COVID-19 ရောဂါဖြစ်စေတဲ့ SARS-COV-2 ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ လျော့ကျသွားခဲ့ပြီး အသွားအလာ ပိတ်ပင်ကန့်သတ်တဲ့ lockdown အစီအမံတွေကိုလည်း ရုပ်သိမ်းနေပြီ ဖြစ်ပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ တရားဝင် ထုတ်ပြန်တဲ့စာရင်းတွေအရ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၂,၂၉၅ ဦး၊ သေဆုံးသူ ၃,၃၄၂ ဦးနဲ့ ပြန်လည်သက်သာသူ ၇၇,၈၁၆ ဦးဖြစ်ကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က