အင်ဒိုနီးရှားမှာ COVID-19 ဖြစ်ခဲ့ပေမဲ့ အသက်ရှင်နိုင်ခဲ့တဲ့ အသက်အကြီးဆုံးသူ ဖြစ်လာခဲ့ပါတယ်။

အင်ဒိုနီးရှားမှ အသက် ၁၀၀ အရွယ် အဘွားအိုတစ်ဦး COVID-19 ကနေ ပြန်လည်သက်သာလာခဲ့ပြီး ကပ်ရောဂါဖြစ်ပေမဲ့ အသက်ရှင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့ အသက်အကြီးဆုံးသူ ဖြစ်လာခဲ့ပါတယ်။

(Photo: AFP)

အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာမှာနေထိုင်တဲ့ အဘွားအို ကမ်တင်မ် (Kamtim) ဟာ COVID-19 ကူးစက်ဖြစ်ပွားပြီးနောက် ဆေးရုံမှာ တစ်လကြာ ကုသမှုခံယူခဲ့ရပါတယ်။ ထို့နောက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ပြန်လည်သက်သာလာပြီး ဆေးရုံမှဆင်းနိုင်ခဲ့ကြောင်း သိရပါတယ်။



အဘွားအိုကမ်ရဲ့ ယခုဖြစ်ရပ်က ကပ်ရောဂါကာလအတွင်း သက်ကြီးရွယ်အိုတွေအတွက် အားတက်စရာဖြစ်နိုင်တယ်လို့ အရှေ့ဂျာဗား အုပ်ချုပ်ရေးမှူး Khofifah Indar Parawansa က ပြောပါတယ်။ ၁၉၂၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ကမ်ဟာ ဧပြီလအတွင်းက ရောဂါလက္ခဏာတွေ ပြသလာပြီးနောက် ဆေးရုံတက်ခဲ့ရပါတယ်။

(Photo: Reuters)

ထို့နောက် သူမကို စစ်ဆေးကြည့်ရာမှာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်ခံထားကြောင်း တွေ့ခဲ့ရပါတယ်။ အဘွားအိုကမ် COVID-19 က‌နေ ပြန်လည်သက်သာလာခြင်းဟာ စည်းကမ်းလိုက်နာမှုနဲ့ အားမလျှော့မှုကြောင့် ဖြစ်တယ်လို့ သူမရဲ့ ချွေးမဖြစ်သူ Siti Aminah က ပြောပါတယ်။

"သူနာပြုတွေနဲ့အတူ သူမရဲ့အခြေအနေကို နေ့စဥ် စစ်ဆေးတိုင်း သူမက အရမ်းသန်မာပြီး ဆေးသောက်ဖို့လည်း ဝီရိယရှိတယ်လို့ သူနာပြုတွေက ပြောကြတယ်၊ သူမက နေကောင်းဖို့ အရမ်း စိတ်အားထက်သန်တယ်" လို့ Siti Aminah က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ အဘွားအိုကမ်ဟာ ကိုရိုနာဗိုင်းရပ်စ် မည်သို့ ကူးစက်ခံရကြောင်း အတိအကျ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

(Photo: Reuters)

"သူမဆီကို အိမ်နီးနားချင်းတွေ လာလည်ကြရာက ကူးစက်သွားတာ ဖြစ်နိုင်တယ်၊ သူမကတော့ ဘယ်တုန်းကမျှ အပြင်မသွားခဲ့ပါဘူး" လို့ ချွေးမဖြစ်သူက ပြောပါတယ်။ အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ဒေသတွင်း COVID-19 ကူးစက်မှု ဒုတိယအများဆုံးနဲ့ သေဆုံးမှု အများဆုံးဖြစ်နေပါတယ်။

ယနေ့ (ဇွန် ၁ ရက်) မနက်အစောပိုင်းအထိ အစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အင်ဒိုနီးရှားမှာ COVID-19 ကူးစက်ခံရသူ ၂၆,၀၀၀ ကျော်၊ သေဆုံးသူ ၁,၆၁၃ ဦးနဲ့ ပြန်လည်သက်သာလာသူ ၇,၀၁၅ ဦးရှိခဲ့ကြောင်း သိရပါတယ်။ သို့သော် လူဦးရေ သန်း ၂၆၀ ရှိတဲ့ အင်ဒိုနီးရှားဟာ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုနှုန်း အနိမ့်ဆုံး နိုင်ငံတွေအနက် ပါဝင်နေပါတယ်။ သုတေသီတွေကတော့ အင်ဒိုနီးရှားမှာ ကူးစက်မှုနဲ့ သေဆုံးမှုဟာ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က