loading...

loading...

loading...

ကမ္ဘာ့ကပ်ရောဂါ သတ်မှတ်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ၊ ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကို သိထားသင့်ပါတယ်။
Phyo Min Thant

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေပြီး COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါအဆင့် (Pandemic) သတ်မှတ် ကြေညာလိုက်တာ အားလုံးပဲသိပြီးလောက်ပြီထင်ပါတယ်။ ဒီတော့ ကမ္ဘာ့ကပ်ရောဂါအဆင့် သတ်မှတ်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ၊ ဘာလို့ COVID-19 ကိုအခုမှကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်လိုက်တာလဲ၊ ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကို ရှင်းရှင်းလင်းလင်းသိထားဖို့ လိုလာပါပြီ။

(Photo: Reuters)

ကမ္ဘာ့ကပ်ရောဂါအဆင့်သတ်မှတ်လိုက်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ

ကမ္ဘာ့ကပ်ရောဂါအဆင့်သတ်မှတ်တယ်ဆိုတာက ရောဂါပိုးရဲ့ စွမ်းအား၊ ဒါမှမဟုတ် တခြားသွင်ပြင်လက္ခဏာတစ်ခုခု ပြောင်းလဲသွားတယ်လို့ မဆိုလိုပါဘူး။ အဲဒီရောဂါပိုး ကမ္ဘာ့နိုင်ငံဘယ်လောက်များများမှာ လူအချင်းချင်းဘယ်လောက် ကူးစက်ပျံ့နှံ့နေပြီလဲဆိုတာနဲ့ပဲ ဆိုင်ပါတယ်။ လူတွေရဲ့ခန္ဓာကိုယ်က သဘာဝအလျောက် ခုခံတိုက်ထုတ်နိုင်ခြင်း မရှိသေးတဲ့ ရောဂါအသစ်တစ်မျိုးက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကူးစက်ပျံ့နှံ့လာတဲ့အခါမျိုးမှာ ကမ္ဘာ့ကပ်ရောဂါအဆင့် သတ်မှတ်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စတင်စဉ်းစားတာဖြစ်ပါတယ်။

COVID-19 ကို ဘာလို့ ကမ္ဘာ့ကပ်ရောဂါအဖြစ် အခုမှ သတ်မှတ်တာလဲ

ဗိုင်းရပ်စ်ပိုးတစ်ခုကို ခရီးသွားတစ်ဦးက အခြားနိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ကူးစက်ခံလာရပြီး သူ့အမိနိုင်ငံကို ပြန်ရောက်တဲ့အချိန်မှာ အဲဒီနိုင်ငံမှာဗိုင်းရပ်စ်ရှိသွားတာမျိုး၊ ဒါမှမဟုတ် အဲဒါခရီးသွားဆီကနေ အခြားတစ်ဦးကူးစက်ခံရတဲ့ အခြေအနေမျိုးကို ကမ္ဘာ့ကပ်ရောဂါအဖြစ် မသတ်မှတ်ပါဘူး။ နေရာဒေသအသိုင်းအဝိုင်းတစ်ခုထဲက လူတွေအချင်းချင်း စတင်ကူးစက်ပြီး အဲဒီလိုကူးစက်မှုက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီဆိုမှသာ ကမ္ဘာ့ကပ် ရောဂါအဆင့်သတ်မှတ်ကြေညာတာဖြစ်ပါတယ်။

ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ရှေ့ပိုင်းမှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် မကြေညာခဲ့တာပါ။ ဒါပေမဲ့ အခုအခါမှာ အပေါ်မှာပြောတဲ့ဒုတိယအခြေအနေနဲ့ ကိုက်ညီမှုရှိလာပြီဖြစ်တာကြောင့် ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

(Photo: Reuters)

ရှေ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ၂၀၀၂-၂၀၀၃ SARS ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု၊ ၂၀၁၄-၂၀၁၆ တုန်းက အနောက်အာဖရိကမှာ အီဘိုလာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနဲ့ ၂၀၁၆ ဇီကာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတို့တုန်းက နိုင်ငံတစ်နိုင်ငံ ထက်ပိုပြီး ကူးစက်ပျံ့နှံ့မှုတွေရှိခဲ့ပေမယ့် ဒုတိယအဆင့်ဖြစ်တဲ့ နေရာဒေသအသိုင်းအဝိုင်းတစ်ခုထဲက လူတွေအချင်းချင်း စတင်ကူးစက်တာမျိုးမရှိခဲ့တာကြောင့် ကမ္ဘာ့ကပ်ရောဂါအဖြစ်နဲ့ သတ်မှတ်ကြေညာခဲ့ခြင်းမရှိခဲ့တာကို တွေ့ရပါတယ်။

ယခု ကိုရိုနာဗိုင်းရပ်စ်မတိုင်ခင် အနီးဆုံးအနေနဲ့ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့ဖူးတာကတော့ ၂၀၀၅- ၂၀၁၂ HIV/AIDS ဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့မှုပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ကြေညာလိုက်တာကြောင့် နောက်ဆက်တွဲ ဘာဖြစ်လာမှာလဲ

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာလိုက်တယ်ဆိုတာက ဒီဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်တော့ဘူး ဆိုတဲ့အဓိပ္ပါယ် မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးအနေနဲ့ ရောဂါကူးစက်တဲ့အရေအတွက် ဘယ်လောက်ပဲမြင့်တက်လာပါစေ ရောဂါထိန်းချုပ်ရေးလုပ်ဆောင်မှုတွေကို မရပ်တန့်လိုက်ဘဲ ဆက်လက်လုပ်ဆောင်ကြဖို့ WHO ကတောင်းဆိုထားပါတယ်။

(Photo: Reuters)

နောက်ပြီး အခုလိုကြေညာလိုက်ပေမယ့် ဗိုင်းရပ်စ်ရဲ့ခြိမ်းခြောက်နိုင်မှုအန္တရာယ်အဆင့်နဲ့ ဒီဗိုင်းရပ်စ်ကိုကာကွယ်ဖို့အတွက် လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေကတော့ ပြောင်းလဲခြင်းမရှိဘဲ အရင်အတိုင်းပဲလို့လည်း WHO ကပြောကြားထားပါတယ်။ ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာတယ်ဆိုတာက ဒီဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အခုဆိုရင် ကမ္ဘာ့နိုင်ငံအားလုံးနဲ့လူတိုင်းမှာ တာဝန်ရှိကြောင်း ပိုမိုသိသာပေါ်လွင်အောင် သတိပေးလိုခြင်းပဲ ဖြစ်ပါတယ်။

သမိုင်းတစ်လျှောက် အဆိုးဆုံး ကမ္ဘာ့ကပ်ရောဂါကူးစက်မှု ၁၀ ခု

၁) HIV/AIDS ဗိုင်းရပ်စ်ကူးစက်မှုကပ်ဘေး (ကူးစက်မှုအမြင့်ဆုံးကာလ- ၂၀၀၅ -၂၀၁၂) သေဆုံးသူအရေအတွက် ၃၆ သန်း

၂) ၁၉၆၈ တုပ်ကွေးကူးစက်မှုကပ်ဘေး၊ သေဆုံးသူအရေအတွက် - ၁ သန်း

၃) အာရှတုပ်ကွေးကူးစက်မှုကပ်ဘေး(၁၉၅၆ - ၁၉၅၈)၊ သေဆုံးသူအရေအတွက် ၂ သန်း

၄) ၁၉၁၈ တုပ်ကွေးကူးစက်မှုကပ်ဘေး ၊ သေဆုံးသူအရေအတွက် - သန်း ၂၀ မှ ၅၀

၅) ဆဋ္ဌမမြောက်ကာလဝမ်းရောဂါကပ်ဘေး၊ သေဆုံးသူအရေအတွက် - ၈ သိန်းကျော်

၆) တုပ်ကွေးကူးစက်ပျံ့နှံ့မှုကပ်ဘေး( ၁၈၈၉ - ၁၈၉၀) ၊ သေဆုံးသူအရေအတွက် - ၁ သန်း

၇) တတိယကာလဝမ်းရောဂါကပ်ဘေး (၁၈၅၂ -၁၈၆၀) ၊ သေဆုံးသူအရေအတွက် - ၁ သန်း

၈) ပလိပ်ရောဂါကပ်ဘေး( The Black Death) (၁၃၄၆ - ၁၃၅၃)၊ သေဆုံးသူအရေအတွက် - ၇၅ သန်း - သန်း ၂၀၀

၉) ဂျက်စတင်နီးယန်းပလိပ်ရောဂါကပ်ဘေး (၅၄၁ - ၅၄၂) ၊ သေဆုံးသူအရေအတွက် - ၂၅ သန်း

၁၀) အန်တိုနိုင်းပလိပ်ရောဂါကပ်ဘေး (၁၆၅ အေဒီ) ၊ သေဆုံးသူအရေအတွက် ၅ သန်း

Ref: The Guardian, BBC, Forbes, mphonline.org


ဆက်စပ်အကြောင်းအရာများ


loading...

က္က