WHO အရေးပေါ်ကော်မတီက COVID-19 အခြေအနေ တွက်ဆသုံးသပ်ရန် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ ကာလရှည်ကြာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဩဂုတ် ၁ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။

(Photo: Linh Pham/Getty Images)

WHO ရဲ့ အရေးပေါ်ကော်မတီက COVID-19 နဲ့ ပတ်သက်ပြီး နိုင်ငံတကာကို သတိပေးချက်ထုတ်ခဲ့ပြီးနောက် ခြောက်လအကြာမှာ ကပ်ရောဂါအကျပ်အတည်း အခြေအနေကို တွက်ဆသုံးသပ်ရန် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ထိုအစည်းအဝေးအပြီးမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ကာလရှည်ကြာနိုင်ဖွယ်ရှိကြောင်း WHO က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။



အရေးပေါ်ကော်မတီက COVID-19 ကာလရှည်ကြာနိုင်မှု ထောက်ပြခဲ့ကြောင်း WHO က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ထို့အတူ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ရာမှာ နိုင်ငံတွေဟာ ခြေကုန်လက်ပန်းကျပြီး လူမှုစီးပွားဖိအားများ သက်ရောက်ခံရနိုင်တဲ့ အန္တရာယ်ကိုလည်း WHO က သတိပေးခဲ့ပါတယ်။

(Photo: Marco Bello/Reuters)

WHO က COVID-19 ကူးစက်ဖြစ်ပွားမှုကို ၎င်းရဲ့ အမြင့်ဆုံး သတိပေးချက်အဖြစ် နိုင်ငံတကာဆိုင်ရာ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern - PHEIC)အဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ထုတ်ပြန်ခဲ့ပြီး‌နောက်ပိုင်း ခြောက်လအတွင်း အရေးပေါ်ကော်မတီ အစည်းအဝေးကို လေးကြိမ်မြောက် ပြုလုပ်ခဲ့ကာ ကပ်ရောဂါအကျပ်အတည်းကို ဆွေးနွေးခဲ့ကြပါတယ်။

"WHO အနေနဲ့ COVID-19 ရဲ့ ကမ္ဘာလုံးဆိုင်ရာအန္တရာယ်ကို အလွန်မြင့်မားတဲ့အဆင့်အဖြစ် ဆက်လက် သတ်မှတ်ပါတယ်၊ ကော်မတီက COVID-19 ကူးစက်ဖြစ်ပွားမှု ကာလရှည်ကြာနိုင်ကြောင်း ခန့်မှန်ထားမှုကို အလေးပေး ပြောခဲ့ပါတယ်၊ လူမှုအသိုင်းအဝိုင်းအလိုက်၊ နိုင်ငံအလိုက်၊ နယ်မြေဒေသအလိုက်နဲ့ ကမ္ဘာတစ်ဝန်း တုံ့ပြန်ဆောင်ရွက်မှုတွေ ဆက်ထိန်းထားဖို့ အရေးကြီးပါတယ်" လို့ WHO ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: Reuters)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း လူ ၆၈၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၁၇.၈ သန်းကျော်မှာ ကူးစက်ခံထားရပါတယ်။ ထိုသို့ ကူးစက်မှုနဲ့ သေဆုံးမှု အခြေအနေတွေအရ အဖွဲ့ဝင် ၁၈ ဦးနဲ့ အကြံပေးပုဂ္ဂိုလ် ၁၂ ဦး ပါဝင်ကြတဲ့ WHO အရေးပေါ်ကော်မတီက COVID-19 ကို PHEIC အဖြစ် ဆက်လက် သတ်မှတ်ထားရန် တညီတညွတ်တည်း သဘောတူခဲ့ကြကြောင်းလည်း သိရပါတယ်။ 

Share

Loading Next Article...
က္က