သတင်းစာတိုက်အချို့ ပိတ်သွားခဲ့ရပြီး အခြား နာမည်ကြီးတွေ အကျပ်အတည်းဆိုက်ပြီး လုပ်ငန်းထိခိုက်နေပါတယ်။
Ko John

အိန္ဒိယသတင်းစာတွေဟာ လွန်ခဲ့တဲ့ လအနည်းငယ်က ကမ္ဘာတစ်ဝှမ်း ကြုံနေရတဲ့ အခြေအနေကို ကြံ့ကြံ့ခံရင်း စောင်ရေအခြေအနေ ကောင်းနေခဲ့သေးပေမဲ့ အခုအခါမှာတော့ COVID-19 နှိပ်စက်မှုအောက်မှာ ပြိုလဲနေကြရပါပြီ။

ဘယ်အချိန်မှာ ကြော်ငြာဈေးကွက် ပြန်ကောင်းလာမလဲ ကျွန်တော်တို့ မသိဘူး


သတင်းစာတိုက်အချို့ ပိတ်သွားခဲ့ရပြီး အခြား နာမည်ကြီးတွေ အကျပ်အတည်းဆိုက်ပြီး လုပ်ငန်းထိခိုက်ဆုံးရှုံးမှု ဖြစ်နေခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း ပေါ်ထွက်လာတဲ့ ဒစ်ဂျစ်တယ်သတင်းလုပ်ငန်းတွေက ရောင်းအားကျနေချိန်မှာ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ သတင်းစာတွေက အဓိက အစိတ်အပိုင်းအဖြစ် ဆက်ရှိနေခဲ့ပါတယ်။

သို့သော် အိန္ဒိယတစ်နိုင်ငံလုံးကို မတ် ၂၅ ရက်နေ့မှစပြီး lockdown လုပ်ခဲ့ချိန်မှာတော့ နေ့စဥ်ထုတ် သတင်းစာတွေ ပုံနှိပ်ထုတ်ဝေနိုင်ခြင်း မရှိတော့ပါဘူး။ သတင်းစာပို့သူတွေကိုလည်း ဗိုင်းရပ်စ်သယ်ဆောင်လာနိုင်ကြောင်း စိုးရိမ်ပူပန်ပြီး တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အရေးအပါဆုံးကတော့ ကြော်ငြာရှင်တွေက ကြော်ငြာမထည့်ကြတော့တာပဲ ဖြစ်ပါတယ်။

အိန္ဒိယက ဒစ်ဂျစ်တယ်သတင်းတွေ အပြင်းအထန် တိုက်ခိုက်မှုကို ကာလရှည်ကြာ ခုခံလာခဲ့တာပါ

အချို့ ခန့်မှန်းမှုတွေအရ အိန္ဒိယမှာ ယခင်က နေ့စဥ် သတင်းစာစောင်ရေ သန်း ၅၀ ကျော် ပုံမှန်ရောင်းခဲ့ရပြီး lockdown လုပ်လိုက်ချိန် နောက်ပိုင်းမှာတော့ စောင်ရေ သုံးပုံနှစ်ပုံ ကျဆင်းသွားခဲ့ပါတယ်။ မွမ်ဘိုင်းမြို့မှာ ရာနဲ့ချီတဲ့ သတင်းထောက်တွေ အလုပ်ဖြုတ်ခံရတာ သို့မဟုတ် လစာလျှော့ခံရတာတွေ ရှိခဲ့ပါတယ်။ လူမှုရေးရန်ပုံငွေ အဖွဲ့တစ်ဖွဲ့က အလုပ်လက်မဲ့ဖြစ်သွားတဲ့ သတင်းထောက်တွေကို အစားအစာ ပါဆယ်ထုပ်များ စီစဥ်ပေးနေခဲ့ပါတယ်။

"အိန္ဒိယက ဒစ်ဂျစ်တယ်သတင်းတွေ အပြင်းအထန် တိုက်ခိုက်မှုကို ကာလရှည်ကြာ ခုခံလာခဲ့တာပါ၊ ဒါပေမဲ့ အခုတော့ အချို့ မြို့အလိုက်ထုတ်နေတဲ့ သတင်းစာတွေ မရှိတော့ဘူး၊ သတင်းစာကြီးအချို့လည်း စောင်ရေ ဘယ်လို ပြန်တက်လာမလဲဆိုတာ စိုးရိမ်ပူပန်နေရတယ်" လို့ အယ်ဒီတာတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

Pune နဲ့ Goa မြို့မှာ ပုံနှိပ်ထုတ်ဝေနေကြတဲ့ အင်္ဂလိပ်ဘာသာ သတင်းစာတွေ ယခုလအတွင်း ပိတ်သိမ်းသွားခဲ့ပြီး အိန္ဒိယသတင်းစာကြီးတွေဖြစ်ကြတဲ့ Hindustan Times နဲ့ Times of India တို့ကလည်း ဝန်ထမ်းအများအပြား လျှော့ချခြင်း၊ လစာလျှော့ခြင်းနဲ့ ရုံးခန်းများပိတ်ခြင်းတို့ လုပ်ဆောင်နေကြရပါတယ်။ ထိုသတင်းစာကြီး နှစ်စောင်ဟာ COVID-19 ကပ်ရောဂါ မဖြစ်ပွားမီက နေ့စဥ် စောင်ရေနှစ်သန်းကျော် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ 

Hindustan Times က တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်းခုနစ်ထောင်နီးပါး) အရှုံးပေါ်နေကြောင်း ဝန်ထမ်းတွေကို ပေးပို့တဲ့ အီးလ်မေးထဲမှာ ပြောထားပါတယ်။ အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်မှာ အခြေစိုက်တဲ့ Mathrubhumi ဒေသဆိုင်ရာ သတင်းစာဟာ COVID-19 မတိုင်မီက တစ်လလျှင် ကြော်ငြာဝင်ငွေ အမေရိကန်ဒေါ်လာ ၆ သန်း (မြန်မာကျပ်ငွေ သိန်းရှစ်သောင်းကျော်) ရရှိခဲ့ရာမှ ဒေါ်လာ ၅၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်းခုနစ်ထောင်နီးပါး) သို့ လျော့နည့်ကျဆင်းသွားခဲ့ကြောင်း ပူးတွဲ မန်နေဂျင်းဒါရိုက်တာ Shreyams Kumar က ဆိုပါတယ်။

သတင်းစာကြီးအချို့လည်း စောင်ရေ ဘယ်လို ပြန်တက်လာမလဲဆိုတာ စိုးရိမ်ပူပန်နေရတယ်

အိန္ဒိယသတင်းစာတွေဟာ COVID-19 ကပ်ရောဂါ မတိုင်မီကတည်းကပင် စီးပွားရေးအခြေအနေ ယိမ်းယိုင်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကြော်ငြာဝင်ငွေ ကျဆင်းသွားခဲ့တာက အကျပ်အတည်း ဖြစ်လာစေခဲ့ကြောင်း The Hindu နေ့စဥ်သတင်းစာနဲ့ အခြား ဒေသဆိုင်ရာသတင်းစာများ ထုတ်ဝေနေတဲ့အုပ်စုရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ N Ram က ပြောပါတယ်။ အဆိုပါ သတင်းစာလုပ်ငန်းအုပ်စုဟာ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ အရှုံးပေါ်မယ်လို့ ခန့်မှန်ထားပါတယ်။

"ဘယ်အချိန်မှာ ကြော်ငြာဈေးကွက် ပြန်ကောင်းလာမလဲ ကျွန်တော်တို့ မသိဘူး" လို့ ၎င်းက AFP ကို ပြောပါတယ်။ World Association of Newspapers and News Publishers (WAN-IFRA) အဖွဲ့အစည်းရဲ့ အဆိုအရ အိန္ဒိယသတင်းစာနဲ့ မဂ္ဂဇင်းတွေမှာ တစ်နှစ်လျှင် ကြော်ငြာအသုံးစရိတ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ရှိခဲ့ကြောင်းလည်း သိရပါတယ်။

အသက် ၃၅ နှစ်ကျော်တွေပဲ သတင်းစာဖတ်ကြတယ်

သတင်းစာတွေဟာ ယခုနှစ် မတ်လနဲ့ ဧပြီလအတွင်း ၎င်းတို့ရဲ့ ကြော်ငြာ ၇၅ မှ ၈၅ ရာခိုင်နှုန်းကို လက်လွှတ်ခဲ့ရတယ်လို့ အိန္ဒိယရှိ WAN-IFRA စီးပွားရေးလုပ်ငန်းဖော်ဆောင်မှု မန်နေဂျာဖြစ်သူ Magdoom Mohamed က ပြောပါတယ်။ အိန္ဒိယမီဒီယာအုပ်စုတွေက အွန်လိုင်းသတင်းလုပ်ငန်းမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံရန် စတင်နေကြစဥ်အတွင်း ကြော်ငြာလုပ်ငန်းက ရုတ်တရက် ဆုံးရှုံးမှုတွေကို မကာမိခဲ့ဘူးလို့ ဆိုပါတယ်။

မီဒီယာလုပ်ငန်းရှင်တွေက ထိတ်ထိတ်ပျာပျာြဖစ်ပြီး စီမံဆောင်ရွက်နေမှုတွေနဲ့အတူ လစာလျှော့ချခြင်းနဲ့ လစာနောက်ကျခြင်းတို့ ကြုံတွေ့နေရခြင်းက ၎င်းတို့ကို ဆိုးရွားစွာ ဆက်ဆံမှုအဖြစ် အိန္ဒိယသတင်းထောက်တွေက ခံစားနေကြရပါတယ်။ COVID-19 သတင်းတွေ ရယူရာမှာလည်း သင့်တော်လုံလောက်တဲ့ အကာအကွယ်ပစ္စည်းတွေ မပါရှိဘဲ သွားရောက်နေကြရတယ်လို့ သတင်းထောက်အများအပြားက ပြောကြပါတယ်။

"မီဒီယာက ရုန်းကန်နေခဲ့ရချိန်၊ မသေချာမှုနဲ့ စိုးရိမ်ပူပန်မှုတွေ အလွန်ဖြစ်နေတဲ့အချိန်မှာ ဒီလစာလျှော့တာတွေကို အရမ်းမြန်မြန်ဆန်ဆန် လုပ်ခဲ့ကြတယ်၊ ဒါက အလွန် ကျင့်ဝတ်မရှိတာပါပဲ၊ သူတို့က သူတို့ရဲ့ ဝန်ထမ်းတွေအတွက် စိုးရိမ်ပူပန်မှု မရှိဘူးဆိုတာ ပြနေတယ်" လို့ Free Speech Collective အဖွဲ့ တွဲဖက်တည်ထောင်သူ Geeta Seshu က ဆိုပါတယ်။

လေ့လာသူတွေကတော့ အဓိက မီဒီယာအုပ်စုတွေက အနာဂတ် စီးပွားရေးလုပ်ငန်းကို ပိုမိုအာရုံစိုက်နေကြတယ်လို့ သုံးသပ်ကြပါတယ်။ COVID-19 ကပ်ရောဂါ မဖြစ်ပွားမီက သတင်းစာတွေအတွက် ကြော်ငြာဝင်ငွေဟာ နှစ်အနည်းငယ်ကြာ တည်ငြိမ်နေလိမ့်မယ်လို့ KPMG အတိုင်ပင်ခံလုပ်ငန်းက ခန့်မှန်းခဲ့ပါတယ်။

အခု အားလုံး ပြောင်းလဲသွားခဲ့ပြီ

"အခု အားလုံး ပြောင်းလဲသွားခဲ့ပြီ" လို့ အမည်မဖော်ပြတဲ့ သတင်းစာ အယ်ဒီတာတစ်ဦးက ဖွင့်ဟပါတယ်။ ၎င်းက ကုမ္ပဏီစီးပွားရေးကို မဆွေးနွေးလိုတာကြောင့် အမည်မဖော်ခဲ့ဘူးလို့ ဆိုပါတယ်။ "အသက် ၃၅ နှစ်ကျော်တွေပဲ သတင်းစာဖတ်ကြတယ်၊ သူတို့ကတော့ သတင်းတွေကို ဒစ်ဂျစ်တယ်ရင်းမြစ်တွေနဲ့ ရုပ်မြင်သံကြားကနေ နှစ်လကျော်ကြာ သိရှိနေခဲ့ရပေမဲ့လည်း သတင်းစာဖတ်ကြတယ်" လို့ အဆိုပါ သတင်းစာအယ်ဒီတာက ပြောပါတယ်။

အိန္ဒိယမှာ စီးပွားရေးနှေးကွေးမှုကြောင့် သတင်းစာတွေနဲ့ ရုပ်မြင်သံကြားလိုင်းတွေဟာ COVID-19 မတိုင်မီကတည်းကပင် ထောင်နဲ့ချီတဲ့ ဝန်ထမ်းအရေအတွက် လျှော့ချမှုတွေ လုပ်ခဲ့ကြကြောင်း TRA Research ရဲ့ အမှုဆောင်အရာရှိ N Chandramouli က ဆိုပါတယ်။ "အခုက မီဒီယာလောကအတွက် တော်တော် စိတ်မကောင်းဖွယ်ရာ အဖြစ်ပါပဲ၊ ကြော်ငြာရှင်‌တွေက ငွေသုံးဖို့ လက်တွန့်နေကြပြီး မီဒီယာကုမ္ပဏီတွေဟာ ရှင်သန်ရပ်တည်ဖို့အတွက် ခက်ခဲနေပါတယ်" လို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။

(AFP က ဖော်ပြထားတဲ့ India media fear pandemic finally brings end of the newspaper era သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်)


ဆက်စပ်အကြောင်းအရာများ


Author


က္က