COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ ၅၂၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဇူလိုင် ၃ ရက်နေ့မှာ ၁၁ သန်းကျော်လွန်လာခဲ့ကြောင်း Reuters သတင်းဌာန စာရင်းတွေအရ သိရှိရပါတယ်။

(Photo: Reuters)

လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ ၅၂၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၆ လကျော်အတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၁ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။



ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်မှာ ကူးစက်ခံရသူ ၁၀ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး တစ်ပတ်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူကတော့ လက်ရှိအချိန်အထိ ၆ သန်းကျော်ရှိကြောင်းလည်း သိရပါတယ်။

(Photo: Getty Images)

COVID-19 ကူးစက်မှုအရေအတွက်ဟာ နှစ်စဥ် ပြင်းထန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုထက် နှစ်ဆကျော် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြောပါတယ်။ COVID-19 ဖြစ်ပွားမှု ဆိုးရွားခဲ့တဲ့ နိုင်ငံအများအပြားက ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရန် lockdown ပိတ်ပင်ကန့်ချက်တွေကို ဖြေလျှော့ပေးနေပါတယ်။

နိုင်ငံအသီးသီးက လုပ်ငန်းခွင်နဲ့ လူနေမှုဘဝမှာ ယခင်နဲ့မတူတဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပြီး ထိုသို့ ဆောင်ရွက်နေမှုဟာ COVID-19 ကာကွယ်ဆေးတစ်ခု ရရှိနိုင်တဲ့အထိ တစ်နှစ် သို့မဟုတ် ပိုမိုကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။ နိုင်ငံအချို့မှာတော့ COVID-19 ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာမှုကြောင့် အာဏာပိုင်တွေက lockdown ပြန်လည် သတ်မှတ်ရမှုတွေလည်း ရှိနေပါတယ်။

(Photo: Reuters)

အစောပိုင်းက COVID-19 ကူးစက်မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့တဲ့ ဩစတြေးလျနိုင်ငံမှာတော့ ဗစ်တိုးရီးယားပြည်နယ်အတွင်း ကူးစက်မှုတွေ ပြန်လည် မြင့်တက်နေပါတယ်။ ကူးစက်မှုတွေ ပြန်ဖြစ်လာခြင်းကို ၂၀၂၁ ခုနှစ်အတွင်းမှာ တွေ့ရနိုင်ကြောင်း ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ထိုအတောအတွင်း အမေရိကန်နိုင်ငံမှာ ဇူလိုင် ၂ ရက်နေ့က COVID-19 ကူးစက်ခံရသူ နောက်ထပ် ၅၅,၄၀၀ တိုးလာခဲ့ပြီး တစ်ကမ္ဘာလုံးမှာ နေ့အလိုက် ကူးစက်မှုအသစ် အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၈ သန်းကျော်နဲ့ သေဆုံးသူ ၁၃၀,၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ လက်တင်အမေရိက နိုင်ငံဖြစ်တဲ့ ဘရာဇီးမှာလည်း COVID-19 ကူးစက်ခံရသူ ၁.၅ သန်းကျော်လွန်လာပြီး အမေရိကန်ပြီးလျှင် ဒုတိယအများဆုံး ဖြစ်ပါတယ်။

(Image: MoHS COVID-19 Dashboard)

အမေရိကန်နဲ့ ဘရာဇီးရဲ့နောက်မှာတော့ ကူးစက်မှု ၆၆၇,၀၀၀ ကျော် စစ်ဆေးတွေ့ရှိထားတဲ့ ရုရှားက တတိမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်နေတာ တွေ့ရပါတယ်။ အာရှဒေသမှာ COVID-19 ကူးစက်မှုဗဟိုချက်နေရာသစ် ဖြစ်လာတဲ့ အိန္ဒိယနိုင်ငံမှာလည်း ကူးစက်ခံရသူ ၆၄၀,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဇူလိုင် ၃ ရက် ည ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၃၀၆ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၃၇ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇူလိုင် ၃ ရက် ညပိုင်းအထိ လူဦးရေ ၈၀,၆၀၇ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၀၅၃ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က