လိုအပ်တဲ့ အစီအမံများကို အလွန်စောစီးစွာ ရုပ်သိမ်းပါက ကူးစက်မှုအမြင့်ဆုံး ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

COVID-19 ကူးစက်မှုနှုန်း လျော့ကျသွားတဲ့ နိုင်ငံတွေမှာ ရောဂါကူးစက်ဖြစ်ပွားမှု ရပ်တန့်ရန် အစီအမံများကို အလွန်စောစီးစွာ ရုပ်သိမ်းလိုက်ပါက ဒုတိယအကြိမ် ကူးစက်မှုအမြင့်ဆုံး အခြေအနေ ချက်ချင်း ဖြစ်လာနိုင်ဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သတိပေးပါတယ်။

(Photo: Reuters)

ကမ္ဘာဟာ COVID-19 ကူးစက်ဖြစ်ပွားမှု ပထမလှိုင်းအလယ်မှာ ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Mike Ryan က မေ ၂၅ ရက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံအများအပြားမှာ ကူးစက်ဖြစ်ပွားမှုတွေ လျော့နည်းသွားစဥ် ဗဟိုအမေရိက၊ တောင်အမေရိက၊ တောင်အာရှနဲ့ အာဖရိကမှာ COVID-19 ဖြစ်ပွားမှုများ မြင့်တက်နေဆဲဖြစ်ကြောင် ၎င်းက ထောက်ပြပါတယ်။



ကူးစက်ရောဂါဟာ မကြာခဏ လှိုင်းများအသွင် ဖြစ်လာတတ်ကြောင်းနဲ့ ပထမလှိုင်း ကြုံခဲ့ရပြီးတဲ့ နေရာတွေမှာ ယခုနှစ် နှောင်းပိုင်းအရောက် နောက်ထပ်လှိုင်းတစ်ခု ပြန်ဖြစ်လာနိုင်ကြောင်း Mike Ryan က ရှင်းပြပါတယ်။ ထို့အတူ ကူးစက်ရောဂါ ပထမလှိုင်းကို ရပ်တန့်ရန် အစီအမံများအား အလွန်စောစီးစွာ ရုပ်သိမ်းလိုက်ပါကလည်း ကူးစက်မှုနှုန်းများ နောက်တစ်ကြိမ် ပိုမိုလျင်မြန်စွာ မြင့်တက်လာနိုင်တဲ့ အလားအလာရှိတယ်လို့ ဆိုပါတယ်။

(Photo: Jeff Chiu/AP)

ဥရောပနဲ့ မြောက်အမေရိကမှာ အများပြည်သူကျန်းမာရေးနဲ့ လူအချင်းချင်း ခပ်ခွာခွာနေစေတဲ့ အစီအမံများ၊ စောင့်ကြည့်မှုများ၊ ဗိုင်းရပ်စ်စစ်ဆေးမှုများနဲ့ ကူးစက်မှုနှုန်း လျော့ကျနေစေရန် ကျယ်ပြန့်တဲ့ နည်းဗျူဟာများ ဆက်လက် ဆောင်ရွက်သင့်ပြီး ကူးစက်မှုအမြင့်ဆုံး ချက်ချင်း ပြန်မဖြစ်လာရန် လုပ်ဆောင်သင့်ကြောင်း Mike Ryan က ပြောခဲ့ပါတယ်။

လတ်တလော သီတင်းပတ်များအတွင်း ဥရောပမှ နိုင်ငံအများအပြားနဲ့ အမေရိကန်နိုင်ငံက COVID-19 ကူးစက်မှုထိန်းချုပ်ရေး lockdown အစီအမံတွေကို ဖြေလျှော့ရုပ်သိမ်ရန် စတင်ပြင်ဆင်လာခဲ့ကြပါတယ်။ သွားလာလှုပ်ရှားမှု ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားမှုတွေကြောင့် ကမ္ဘာတစ်ဝှမ်း စီးပွားရေးထိခိုက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရပါတယ်။ ယနေ့ (မေ ၂၆ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၅.၅ သန်းကျော်၊ သေဆုံးသူ ၃၄၆,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၂.၃ သန်းကျော်ရှိခဲ့ပါတယ်။

Source: Reuters, NBC News



က္က