ရုရှားမှာ ဗိုင်းရပ်စ်ကူးစက်မှု အထွတ်အထိပ်သို့ မရောက်ရှိသေးကြောင်း သမ္မတပူတင်က သတိပေးခဲ့ပါတယ်။
Ko John

ဧပြီလအတွင်း COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုတွေ နေ့စဥ် သိသိသာသာ တိုးမြင့်နေတဲ့ ရုရှားနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ဝတ်စုံများ (Personal Protective Equipment - PPE) ပြတ်လပ်မှုဖြစ်နေကြောင်း သမ္မတဗလာဒီမာပူတင်က ဝန်ခံပြောကြားပါတယ်။

(Photo: Valerii Melnikov/Sputnik)

နိုင်ငံမှာ PPE ဝတ်စုံများ တိုးမြှင့်ထုတ်လုပ်နေပြီး ပြည်ပမှ မှာယူတင်သွင်းမှုတွေ လုပ်ဆောင်နေပေမဲ့လည်း ပစ္စည်းပြတ်လပ်မှု ကြုံနေရတယ်လို့ ပူတင်က ဆိုပါတယ်။ လက်ရှိအချိန်အထိ ရုရှားမှာ ဗိုင်းရပ်စ်ကူးစက်မှု အထွတ်အထိပ်သို့ မရောက်ရှိသေးကြောင်းနဲ့ ပြည်သူတွေအနေနဲ့ သတိရှိကြရန်လည်း ရုရှားသမ္မတက ပြောခဲ့ပါတယ်။

ရုရှားမှာ COVID-19 တိုက်ဖျက်ရေး lockdown စီမံဆောင်ရွက်မှုတွေကို လာမယ့် မေလ ၁၁ ရက်နေ့အထိ တိုးချဲ့ထားကြောင်း သိရပါတယ်။ ဧပြီ ၂၉ ရက် ညပိုင်းအထိ စာရင်းတွေအရ ရုရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၉,၃၉၉ ဦးနဲ့ သေဆုံးသူ ၉၇၂ ဦးရှိခဲ့ပြီး လူနာ ၁၀,၂၈၆ ဦး ပြန်လည်သက်သာခဲ့ပါတယ်။

(Photo: Alexey Druzhinin/Kremlin/Sputnik)

ရုရှားမှာ PPE ပြတ်လပ်မှုနဲ့ ပတ်သက်ပြီး "အရင်တုန်းနဲ့နှိုင်းယှဥ်ရင် အများကြီး တိုးမြှင့်ထုတ်လုပ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ လိုအပ်ချက်နဲ့ယှဥ်လိုက်ရင်တော့ မလုံလောက်သေးပါဘူး၊ ထုတ်လုပ်မှုတိုးမြှင့်ပြီး ပြည်ပကနေ တင်သွင်းနေပေမဲ့လည်း PPE လိုအပ်ချက်နဲ့ ကွာဟနေပါတယ်" လို့ ပူတင်က ဖြည့်စွက်ပြောပါတယ်။

COVID-19 နဲ့ ပတ်သက်ပြီး ရှေ့တန်းမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက သင့်တော်တဲ့ အကာအကွယ်ဝတ်စုံများမရှိဘဲ အလုပ်လုပ်နေရမှုအပေါ် စောဒကတက် အရေးဆိုမှုတွေ အထူးသဖြင့် ရုရှားရဲ့ နယ်မြေများအတွင်း ရှိနေခဲ့ပါတယ်။ လက်ရှိကာလအတွင်း ရုရှားမှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် တစ်ရက်လျှင် PPE ဝတ်စုံ ၁၀၀,၀၀၀ ထုတ်လုပ်နေပါတယ်။

(Photo: WireNewsFax)

မတ်လအတွင်းမှာတော့ တစ်ရက်လျှင် PPE ဝတ်စုံ ၃,၀၀၀ ထုတ်လုပ်ခဲ့ရာမှ အဆများစွာ တိုးမြှင့်ထုတ်လုပ်နေကြောင်းလည်း သမ္မတပူတင်က ပြောပါတယ်။ ရုရှားမှ mask ထုတ်လုပ်မှုကိုလည်း ဧပြီလအတွင်း ၁၀ ဆတိုးမြှင့်ပြီး တစ်ရက်လျှင် mask အရေအတွက် ၈.၅ သန်းအထိ ထုတ်လုပ်နေပါတယ်။

အစိုးရက ရောဂါကူးစက်ဖြစ်ပွားမှု နှေးကွေးရန် စီမံဆောင်ရွက်နေစဥ် ရုရှားပြည်သူတွေဟာ အချိန်ရှည်ကြာ မိမိကိုယ်တိုင် သီးခြားခွဲနေကြရမယ်လို့ သမ္မတပူတင်က ပြောခဲ့ပါတယ်။ ရုရှားမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်မှုကို ‌နောက်ထပ် သီတင်းနှစ်ပတ် ဆက်လက်ထားရှိမှာဖြစ်ပါတယ်။ သို့သော် မေလ ၅ ရက်မှစပြီး lockdown အစီအမံတွေကို ဖြည်းဖြည်းချင်း လျှော့ချရန်လည်း အစိုးရကို ညွှန်ကြားထားကြောင်း သမ္မတပူတင်က ဆိုပါတယ်။

(Photo: AP)

"လူအသက် သေဆုံးစေနိုင်တဲ့ ဗိုင်းရပ်စ်အန္တရာယ်ကရှိနေဆဲပဲ" လို့ ပူတင်က ပြောပါတယ်။ ရုရှားဟာ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးခံရတဲ့ နိုင်ငံများစာရင်းမှာ နံပါတ်ရှစ် အများဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။ ရုရှားမှာ စစ်ဆေးအတည်ပြုထားတဲ့ COVID-19 လူနာအရေအတွက်ရဲ့ ထက်ဝက်ခန့်ဟာ ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

မော်စကိုမြို့ တစ်နေရာတည်းမှာပင် ကူးစက်ခံရသူ ၂၀,၀၀၀ ကျော် စစ်ဆေးတွေ့ရှိထားပါတယ်။ ရုရှားမှာ COVID-19 လူနာများ နေ့စဥ် ဆက်လက်တိုးလာနေရာ တပ်မတော်ပြခန်းနဲ့ ကုန်စည်ပြပွဲခန်းမတို့ကိုလည်း ယာယီဆေးရုံများအဖြစ် ပြောင်းလဲထားကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က