ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်တပ် အခြေစိုက်စခန်းနှစ်ခုမှာ ဒါဇင်နဲ့ချီတဲ့ COVID-19 ကူးစက်မှုများ တွေ့ရှိလာရပြီးနောက် lockdown လုပ်ထားကြောင်းနဲ့ ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက အမေရိကန်စစ်တပ်ရဲ့ ကူးစက်မှုထိန်းချုပ်ရေး ဆောင်ရွက်မှုတွေကို ဝေဖန်နေကြတယ်လို့ သိရပါတယ်။
(Photo: US Marine Corps/Reuters)
ဂျပန်တောင်ပိုင်းရှိ အိုကီနာဝါကျွန်းမှာ အမေရိကန်စစ်သား သောင်းနဲ့ချီ တပ်စွဲထားပါတယ်။ အမေရိကန် စစ်စခန်းသုံးခုမှာ COVID-19 ကူးစက်ခံရသူ ၆၂ ဦး တွေ့ရှိထားကြောင်း ဂျပန်အစိုးရ ပြောခွင့်ရအမျိုးသား ယိုရှီဟီဒါဆူဂါက ဇူလိုင် ၁၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ကူးစက်ခံရသူတွေအနက် Marine Corps Air Station Futenma (MCAS Futenma) မှ ၃၉ ဦး၊ Camp Hansen မှ ၂၂ ဦးနဲ့ Camp Kinser မှ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။
၎င်းတို့ထံမှာ COVID-19 ကူးစက်ခံထားရကြောင်း ဇူလိုင် ၇ ရက်နဲ့ ၁၂ ရက်အတွင်း စစ်ဆေးအတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ မရိန်းတပ်ဖွဲ့ အခြေစိုက်စခန်းတွေမှာ ကူးစက်မှုတွေရှိလာပြီးနောက် အိုကီနာဝါရှိ အခြေစိုက်စခန်း ကိုးခုလုံးမှာ ကူးစက်မှုကာကွယ်ရေး အစီအမံများ ထုတ်ပြန်ကြေညာထားကြောင်း ပြောခွင့်ရအမျိုးသား ဗိုလ်မှူးကင်ကွန်ဇီက AFP သတင်းဌာနကို ပြောပါတယ်။
(Photo: AP)
အဆိုပါ အစီအမံများအနက် စစ်တပ်အခြေစိုက်စခန်းရှိ မရှိမဖြစ် မဟုတ်တဲ့ နေရာတွေကို ပိတ်ထားခြင်း၊ စစ်စခန်းပြင်ပ သွားလာလှုပ်ရှားမှုတွေကို ပိတ်ထားခြင်းနဲ့ တယ်လီဖုန်း၊ ကွန်ပျူတာတို့ဖြင့် ဆက်သွယ်မှုပြုရန် အကြံပေးထားပါတယ်။ တနင်္ဂနွေနေ့ (ဇူလိုင် ၁၂ ရက်) မှစပြီး စစ်တပ်အခြေစိုက်စခန်းပြင်ပ ခရီးသွားခြင်းကို ရပ်ဆိုင်းထားခဲ့ကြောင်းလည်း Marine Corps Installation Pacific ရဲ့ Facebook မှာ တင်ထားခဲ့တဲ့ ညွှန်ကြားချက်များအရ သိရှိရပါတယ်။
အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေ၊ မှီခိုသူတွေနဲ့ အရပ်သားတွေဟာ ကျန်းမာရေးကိစ္စ အပါအဝင် စစ်တပ်အခြေစိုက်စခန်းပြင်ပကို သွားလာရန်ရှိပါက ခွင့်ပြုချက်လိုအပ်မှာ ဖြစ်ပါတယ်။ အိုကီနာဝါရှိ အမေရိကန်စစ်စခန်းတွေအနက်မှ MCAS Futenma နဲ့ Camp Hansen တို့မှာတော့ နောက်ထပ် အသွားအလာ ပိတ်ပင်ကန့်သတ်တဲ့ သတ်မှတ်ချက်တွေ ထုတ်ပြန်ထားပြီး စခန်းများ အဝင်အထွက်ကို တင်းကျပ်ထားမယ်လို့ ဆိုပါတယ်။
(Photo: AFP)
ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ ခန့်ရဲ့ ထက်ဝက်ဟာ အိုကီနာဝါကျွန်းမှာ တပ်စွဲထားတာလည်း ဖြစ်ပါတယ်။ အိုကီနာဝါဒေသခံတွေက အမေရိကန် စစ်တပ်အခြေစိုက်စခန်းနဲ့ ဆက်နွယ်တဲ့ ပြဿနာတွေကို ဆတ်ဆတ်ထိမခံ တုံ့ပြန်ကြလေ့ရှိပါတယ်။ အမေရိကန်စစ်တပ်အခြေစိုက်စခန်းတွေနဲ့ ဆက်နွယ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဆူညံမှုနဲ့ ရာဇဝတ်မှုများနဲ့ ပတ်သက်ပြီး အိုကီနာဝါ ဒေသခံအများအပြားက ကာလရှည်ကြာ ကန့်ကွက်ပြောဆိုလာခဲ့ကြကြောင်းလည်း သိရပါတယ်။