နယ်သာလန်နိုင်ငံမှာ အသက် ၁၀၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး COVID-19 ရောဂါကူးစက်ဖြစ်ပွားရာမှ ပြန်လည်သက်သာလာခဲ့ရာ ကပ်ရောဂါကြောင့် သေကံမရောက်ခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံးသူ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
(အသက် ၁၀၇ နှစ်အရွယ် ကော်နီလီယာရက်စ်) (Photo: rijnmond.nl)
ကော်နီလီယာရက်စ် အမည်ရှိ အမျိုးသမီးကြီးဟာ သူမရဲ့ အသက် ၁၀၇ နှစ်ပြည့် မွေးနေ့အပြီး နောက်တစ်ရက်ဖြစ်တဲ့ မတ်လ ၁ ရက်နေ့မှာ နေမကောင်းဖြစ်ခဲ့ကြောင်း နယ်သာလန်သတင်းစာ Algemeen Dagblad (AD) က ပြောပါတယ်။ ထိုအမျိုးသမီးကြီးဟာ နယ်သာလန် အနောက်တောင်ပိုင်း Goeree-Overflakke ကျွန်းပေါ်ရှိ ပြုစုစောင့်ရှောက်ရေးဂေဟာမှ အခြားသူတွေနဲ့အတူ ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်ခဲ့ပြီးနောက် နေမကောင်းဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ဝတ်ပြုဆုတောင်းပွဲ တက်ရောက်ခဲ့ကြတဲ့ သူမနဲ့ အခြား လူဦးရေ ၄၀ ကို စစ်ဆေးခဲ့ရာမှာ ဗိုင်းရပ်စ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ ထိုအုပ်စုမှ ၁၂ ဦးဟာ COVID-19 ကြောင့် သေဆုံးခဲ့သွားခဲ့ကြပါတယ်။ ဆရာဝန်တွေက ကော်နီလီယာရက်စ်ဟာ ဗိုင်းရပ်စ်တိုက်ခိုက်မှုကနေ နာလန်မထူနိုင်ကြောင်း ပြောခဲ့ကြပါတယ်။
(အသက် ၁၀၄ နှစ်အရွယ် Bill Lapschies) (Photo: KOIN 6)
"ဒီရောဂါကနေ သူမ အသက်ရှင်မယ်လို့ ကျွန်မတို့ မထင်ခဲ့ကြဘူး၊ သူမက ဆေးတွေလည်း မသောက်ဘူး၊ လမ်းကောင်းကောင်းလျှောက်ပြီး ဘုရားသခင်ကို ကျေးဇူးတင်ဖို့ ညတိုင်း ဒူးထောက်ဝတ်ပြုနေတုန်းပဲ" လို့ သူမရဲ့ တူမဖြစ်သူ Maaike de Groot က AD သတင်းစာကို ပြောခဲ့ပါတယ်။
ကော်နီလီယာရက်စ် မတိုင်မီက မှတ်တမ်းတွေအရ COVID-19 ကူးစက်ခံရပြီး သေကံမရောက်ခဲ့တဲ့ အသက်အကြီးဆုံးသူဟာ အမေရိကန်မှ အသက် ၁၀၄ နှစ်အရွယ် Bill Lapschies ဆိုသူဖြစ်ကြောင်း သိရပါတယ်။ ဧပြီ ၉ ရက် ညပိုင်းအထိ စာရင်းတွေအရ နယ်သာလန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁,၇၆၂ ဦး တွေ့ရှိထားပြီး ၉၄၈ ဦး သေဆုံးခဲ့ကြောင်းနဲ့ ပြန်လည်သက်သာသူ ၁၀,၆၀၀ ရှိခဲ့ပါတယ်။