လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်းရှိ မရှိ အတည်ပြုနိုင်ရန် နောက်ထပ် သုတေသနပြုလုပ်ရမှာပါ။

တရုတ်သိပ္ပံပညာရှင်တွေက COVID-19 အတည်ပြုလူနာ အမျိုးသားတွေရဲ့ သုက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: CDC/AFP/Getty Images)

သို့သော် ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်းရှိ မရှိ စိစစ်အတည်ပြုနိုင်ရန်အတွက်ကိုတော့ နောက်ထပ် သုတေသနပြုရန် လိုအပ်မှာဖြစ်ပါတယ်။ တရုတ်ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသနေတဲ့ COVID-19 လူနာများကို လေ့လာခဲ့မှုကနေ ထိုသို့တွေ့ရှိခဲ့ရကြောင်း JAMA Network Open ဆေးပညာဂျာနယ်မှာ မေ ၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။



COVID-19 ဟာ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှ အမှုန်အမွှားနဲ့ အရည်အစက်လေးများ သို့မဟုတ် ထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့တာ ဖြစ်ပါတယ်။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို မစင်၊ တံတွေးနဲ့ ဆီးထဲမှာလည်း တွေ့ရှိထားကြောင်း သိရပါတယ်။

(Photo: AFP)

တရုတ်နိုင်ငံ Henan ပြည်နယ် Shangqiu Municipal ဆေးရုံမှ သုတေသီတွေက သုက်ထဲမှာ ဗိုင်းရပ်စ်ရှိ မရှိ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ သုတေသီတွေက အသက် ၁၅ နှစ်မှ ၅၀ နှစ်ကြားအရွယ် COVID-19 လူနာ ၃၅ ဦးရဲ့ သုက်ရည်ကို စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

ထိုသို့ စစ်ဆေးကြည့်ရာမှာ လူနာခြောက်ဦးရဲ့ သုက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုဗီဇဆိုင်ရာပစ္စည်းတွေကို တွေ့ရှိခဲ့ရပါတယ်။ အဆိုပါ လူနာခြောက်ဦးအနက် လေးဦးဟာ COVID-19 အခြေအနေ စိုးရိမ်ရတဲ့အဆင့်ဖြစ်ပြီး နှစ်ဦးကတော့ ပြန်လည်သက်သာလာနေတဲ့ လူနာတွေဖြစ်ကြောင်း သိရပါတယ်။

(Photo: Reuters)

ယခု လေ့လာမှုဟာ အကန့်အသတ်ရှိပြီး လူနာအနည်းငယ်ကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့ သုတေသီတွေက မှတ်ချက်ပြုထားပါတယ်။ ထို့ကြောင့် ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆက်ခြင်းမှတစ်ဆင့် ကူးစက်ခြင်းရှိ မရှိ အတည်ပြုသိရှိနိုင်ရန် နောက်ထပ် သုတေသန လိုအပ်မယ်လို့ ဆိုပါတယ်။ "တစ်ကယ်လို့ SARS-CoV-2 ဗိုင်းရပ်စ်က လိင်ဆက်ဆံမှုကနေတစ်ဆင့် ကူးစက်နိုင်တယ်လို့ အနာဂတ် လေ့လာမှုတွေမှာ သက်သေပြနိုင်ခဲ့ရင် ဒါက ကူးစက်မှုကို ကာကွယ်တားဆီးနိုင်ဖို့ အလွန်အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်နိုင်ပါလိမ့်မယ်" လို့ လေ့လာမှုက ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က