COVID-19 ရောဂါလက္ခဏာ ပိုဆိုးလာတာကြောင့် ဆေးရုံမှာ အထူးကြပ်မတ်ကုသဆောင်သို့ ရွှေ့ပြောင်းခဲ့ရပါတယ်။
Ko John

ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် COVID-19 ရောဂါလက္ခဏာများ ပိုဆိုးလာတာကြောင့် ဆေးရုံမှာ အထူးကြပ်မတ်ကုသဆောင်သို့ ရွှေ့ပြောင်းခဲ့ပြီး ကုသမှုခံယူနေကြောင်း ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးခန်းက ယမန်နေ့ (ဧပြီ ၆ ရက်) ညပိုင်းမှာ ထုတ်ပြန်ပြောကြားပါတယ်။

(ဗြိတန်ဝန်ကြီးချုုပ် အထူးကြပ်မတ်ကုသမှုခံယူနေသည့် ဆေးရုံ) (Photo: PA)

ဝန်ကြီးချုပ်ရဲ့ အခြေအနေဟာ ယမန်နေ့ မွန်းလွဲပိုင်းမှာ ပိုဆိုးလာခဲ့ရာ ဆေးဘက်ဆိုင်ရာအဖွဲ့က အကြံပေးမှုအရ အထူးကြပ်မတ်ကုသဆောင် (Intensive Care Unit - ICU) သို့ ရွှေ့ပြောင်းခဲ့ပြီး အကောင်းဆုံး ကုသမှုခံယူနေကြောင်း ပြောခွင့်ရအမျိုးသားတစ်ဦးက ဆိုပါတယ်။ အသက် ၅၅ နှစ်အရွယ် ဘောရစ်ဂျွန်ဆင်ဟာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် နေအိမ်မှာ အသွားအလာကန့်သတ်ပြီး နေထိုင်ခဲ့ပေမဲ့ ရောဂါလက္ခဏာ ဆက်ရှိနေတာကြောင့် တနင်္ဂနွေနေ့ (ဧပြီ ၅ ရက်) ညနေပိုင်းမှာ ဆေးရုံတက်ခဲ့တာ ဖြစ်ပါတယ်။



ဆေးရုံမှာ အထူးကြပ်မတ်ကုသမှု ခံယူနေရတဲ့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်ကို နိုင်ငံနဲ့ပတ်သက်ပြီး လိုအပ်တာတွေ ၎င်းကိုယ်စားဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ပြောခွင့်ရအမျိုးသားက ပြောပါတယ်။ အမှတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးခန်းက ထုတ်ပြန်မှုအရ ဘောရစ်ဂျွန်ဆင်ဟာ လန်ဒန်မြို့ရှိ စိန့်သောမတ်စ်ဆေးရုံ (St Thomas' Hospital) ရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေကြောင်း သိရပါတယ်။

(ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှ့င် လက်တွဲဖော် ကာရီဆိုင်မွန်စ်) (Photo: Sky News)

လက်ရှိအချိန်အထိ ဘောရစ်ဂျွန်ဆင်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အထင်ရှားဆုံး ကမ္ဘာ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဝန်ကြးချုပ်ရဲ့ ကိုယ်ဝန်ဆောင် လက်တွဲဖော် ကာရီဆိုင်မွန်စ်ဟာလည်း COVID-19 လက္ခဏာများနဲ့ တစ်ပတ်ကြာ နေမကောင်းဖြစ်ခဲ့သေးပေမဲ့ ယခုအခါမှာတော့ ပြန်လည်သက်သာနေပြီလို့ သိရပါတယ်။

ဗြိတိန်အစိုးရအဖွဲ့မှ ဗိုင်းရပ်စ်ကူးစက်ခံရသူ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် နေအိမ်မှာ တစ်ပတ်ကြာနေခဲ့ပြီးနောက် ဧပြီ ၃ ရက်နေ့မှာ အလုပ်ပြန်လုပ်နေပြီ ဖြစ်ပါတယ်။ ဗြိတိန်မှာ ဆေးဘက်ဆိုင်ရာ အကြီးအကဲ ခရစ်ဝစ်တီလည်း COVID-19 လက္ခဏာများရှိခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့ အနီးကပ် အကြံပေးပုဂ္ဂိုလ် ဒိုမီနစ်ကမ်မင်းစ်ကတော့ သီးခြားခွဲနေထိုင်လျက်ရှိပါတယ်။

(နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်) (Photo: 10 Downing Streep/AFP via Getty Images)

ယနေ့ (ဧပြီ ၇ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ ဗြိတိန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၅၁,၆၀၈ ဦးနဲ့ သေဆုံးသူ ၅,၃၇၃ ဦးအထိ မြင့်တက်နေခဲ့ပြီး ပြန်လည်သက်သာသူ အရေအတွက် ၁၃၅ ဦးရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ ယနေ့ မနက်အစောပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၃၃၉,၉၇၀ ဦး၊ သေဆုံးသူ ၇၄,၄၁၀ ဦးနဲ့ ပြန်လည်သက်သာလာသူ ၂၇၇,၈၅၂ ဦးရှိကြောင်း သိရပါတယ်။

Source: BBC, AFP


Author


က္က