COVID-19 ဟာ ၇ လကျော် ၈ လအတွင်း လူဦးရေ သန်း ၂၀ ကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဩဂုတ် ၁၀ ရက် မနက်အစောပိုင်းမှာ သန်း ၂၀ ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၇ လကျော် ၈ လအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ သန်း ၂၀ ကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၇၃၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၂.၉ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့မှာ ကူးစက်ခံရသူ ၁၉ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ဩဂုတ် ၆ ရက်နေ့မှာ ၇၁၃,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၂၀,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၅.၁ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၁၆၅,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ထိုအတောအတွင်း ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူ ၃ သန်း ကျော်လွန်လာခဲ့ပြီး သေဆုံးသူဦး ၁၀၀,၀၀၀ ကျော်ပြီဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ အိန္ဒိယမှာလည်း ကူးစက်ခံရသူ ၂.၂ သန်းကျော်ပြီဖြစ်ပြီး ဩဂုတ် ၉ ရက်နေ့က စာရင်းတွေအရ ကူးစက်မှုအသစ် ၆၄,၀၀၀ ကျော် တိုးလာခဲ့ကာ တစ်ရက်အတွင်း အများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ COVID-19 ကူးစက်မှုတွေဟာ ကမ္ဘာတစ်ဝန်း နှေးကွေးသွားတဲ့လက္ခဏာ မရှိသေးဘဲ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။

(Photo: Reuters)

COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ ကာလရှည်ကြာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဩဂုတ် ၁ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။ WHO ရဲ့ အရေးပေါ်ကော်မတီက ကပ်ရောဂါအခြေအနေကို တွက်ဆသုံးသပ်ရန် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားမှု ကာလရှည်ကြာနိုင်ဖွယ်ရှိကြောင်း WHO က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုတွေ နေ့စဥ် တိုးလာနေပြီး ယခုအခါ ဖိလစ်ပိုင်က အင်ဒိုနီးရှားကို ကျော်လွန်ပြီး ဒေသတွင်း ကူးစက်မှုအများဆုံး နိုင်ငံဖြစ်နေပါတယ်။

(Image: MoHS webpage screengrab)

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဩဂုတ် ၉ ရက် ည ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၃၆၀ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၃၁၂ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၉ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၂၅,၈၇၉ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၉၄၆ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က