အချို့နိုင်ငံတွေမှာတော့ ကူးစက်ခံရသူ သုံးဦးမှာ တစ်ဦးက ကျန်းမာရေးဝန်ထမ်းဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ထံသို့ ပေးပို့လာတဲ့ COVID-19 ကူးစက်ခံရမှုစာရင်းတွေအရ ခုနစ်ဦးမှာ တစ်ဦးဟာ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းဖြစ်ပြီး အချို့နိုင်ငံတွေမှာတော့ သုံးဦးမှာ တစ်ဦးနှုန်းဖြစ်ကြောင်း WHO က စက်တင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

(Photo: Reuters)



ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေကြတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရစေရန်နဲ့ ၎င်းတို့ရဲ့ လူနာတွေနဲ့ မိသားစုတွေထံသို့ ဆက်လက် ပျံ့နှံ့သွားနိုင်ခြင်းမရှိစေရန် အကာအကွယ် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးရန် WHO က တိုက်တွန်းခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။

"တစ်ကမ္ဘာလုံး အတိုင်းအတာအရ WHO ဆီကိုရောက်လာတဲ့ ကူးစက်မှုတွေရဲ့ ၁၄ ရာခိုင်နှုန်းက ကျန်းမာရေးဝန်ထမ်းတွေကြားမှာ ဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာတော့ ၃၅ ရာခိုင်နှုန်းအထိ အများအပြား တွေ့ရပါတယ်" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။ အချက်အလက်တွေဟာ အကန့်အသတ်ရှိကြောင်းနဲ့ COVID-19 ကူးစက်ခံရသူတွေဟာ လုပ်ငန်းခွင်မှာ ကူးစက်ခံရခြင်း သို့မဟုတ် ၎င်းတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ကူးစက်ခံရခြင်းကို သိရှိရန် ခက်ခဲကြောင်းလည်း WHO အကြီးအကဲက ဆိုပါတယ်။

(Photo: Seto Wardhana/JP)

Tedros က World Patient Safety Day သတင်းစာရှင်းလင်းပွဲမှာ ထိုသို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ပဲ မဟုတ်ပါဘူး၊ ကျန်းမာရေးဝန်ထမ်းတွေဟာ နေ့တိုင်း စိတ်ဖိစီးမှု၊ ပင်ပန်းမှု၊ ကဲ့ရဲ့ပြောဆိုခံရမှု၊ ခွဲခြားဆက်ဆံခံရမှုနဲ့ အကြမ်းဖက်ခံရတာတွေအထိပင် ကြုံနေကြရပါတယ်" လို့ WHO အကြီးအကဲ Tedros က ပြောခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကြား ကူးစက်မှုခံရမှု အခြေအနေ WHO ကိန်းဂဏန်းတွေဟာ အံ့ဩတုန်လှုပ်စရာ ထုတ်ဖော်ချက်ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (International Labour Organization - ILO) အထွေထွေညွှန်ကြားရေးမှူး Guy Ryder က ဆိုပါတယ်။

(WHO အကြီးအကဲ Tedros) (Photo: Reuters)

"လူနာတွေ ဘေးအန္တရာယ်ကင်းမှုဆိုတာက ကျန်းမာရေးဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းမှု အာမခံချက်ရှိဖို့လည်း လိုအပ်ပါတယ်၊ အကြွေစေ့တစ်စေ့ရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ၊ အဲဒီ အာမခံချက်တွေက ဝမ်းနည်းစရာကောင်းစွာ မကြာခဏ ပျောက်ဆုံးနေပါတယ်" လို့ Guy Ryder က ပြောပါတယ်။ ကူးစက်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်တိုက်ဖျက်ရေး ရှေ့တန်းမှပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အကြောင်းအရာသုံးခုက ခြောက်လှန့်နေကြောင်း WHO ရဲ့ အရေးပေါ်အခြေအနေဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန်က ထောက်ပြခဲ့ပါတယ်။

(Photo: Reuters)

"ပထမတစ်ခုက လူတွေကို မကူညီလိုက်နိုင်ဘဲ သေဆုံးသွားကြတဲအဖြစ်ကို ရပ်ကြည့်နေရတာပါ၊ ဒုတိယကတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်း ကျန်းမာရေးဝန်ထမ်းတစ်ယောက်က ကူးစက်ခံရတာကို မြင်ရတာဖြစ်ပါတယ်၊ တတိယတစ်ခုကတော့ ကျန်းမာရေးဝန်ထမ်းတွေက သူ့တို့ရဲ့အိမ်ကို ဒီရောဂါသယ်ဆောင်သွားနိုင်ပြီး သူတို့ရဲ့မိသားစုတွေ၊ သူတို့ရဲ့သူငယ်ချင်းတွေနဲ့ သူတို့ရဲ့ကလေးတွေကို ကူးစက်စေနိုင်တဲ့ အခြေအနေပါပဲ" လို့ ဒေါက်တာရိုင်ယန်က ပြောပါတယ်။ ဂျနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ သူနာပြုကောင်စီ (International Council of Nurses) က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားထားမှုအရ COVID-19 ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ သူနာပြုအရေအတွက် ၁,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က