အတည်ပြုလူနာ အရေအတွက်ကို WeChat အုပ်စုတစ်ခုမှ အဖွဲ့ဝင်များထံ မျှဝေခဲ့ပါတယ်။
Ko John

စင်ကာပူမှာ COVID-19 အတည်ပြု လူနာအရေအတွက်ကို တရားဝင် မထုတ်ပြန်မီ ကြိုတင်ပေါက်ကြားစေမှုဖြင့် ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

(Photo: Reuters)

အသက် ၃၅ နှစ်အရွယ် ကျန်းမာရေးဝန်ကြီးဌာနမှ စင်ကာပူအမျိုးသမီးကို Official Secrets Act နဲ့ Computer Misuse Act ကျူးလွန်မှုဖြင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဟာ အစိုးရရဲ့ COVID-19 အချက်အလက် ဒေတာဘေ့စ်ကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြီး COVID-19 လူနာမှတ်တမ်းကိုရယူကာ သူငယ်ချင်းတစ်ဦးထံသို့ ပေးအပ်ခဲ့ကြောင်းလည်း စွပ်စွဲခံထားရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဧပြီ ၁၆ ရက် ည ၇ နာရီ ၄၀ မိနစ်အချိန်က ပြည်သူတစ်ဦးထံမှ ရဲတပ်ဖွဲ့ထံသို့ Instagram ပေါ်မှာ COVID-19 အတည်ပြုလူနာ အရေအတွက်ကို ဖော်ပြထားတဲ့ပို့စ်တစ်ခု တွေ့ရှိရကြောင်း သတင်းပေးမှုရှိလာခဲ့ပါတယ်။ Instagram ပို့စ်ကို တွေ့ရှိရချိန်မှာ ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က အတည်ပြုလူနာ အရေအတွကို ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

(Photo: CNA/MediaCrop)

ထိုရက်နှောင်းပိုင်းကျမှသာ MOH က အတည်ပြုလူနာ ၇၂၈ ဦး တွေ့ရှိရကြောင်း တရားဝင် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ပဏမ စုံစမ်းစစ်ဆေးမှုတွေအရ ထိုအမျိုးသမီး COVID-19 နဲ့ ပတ်သက်ပြီး လျှို့ဝှက် သတင်းအချက်အလက်ကို ရပိုင်ခွင့်ရှိသူတစ်ဦးဖြစ်ပြီး သူမက အတည်ပြုလူနာ အရေအတွက်ကို WeChat အုပ်စုတစ်ခုမှ အဖွဲ့ဝင်များထံ မျှဝေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

WeChat အုပ်စုမှ အဖွဲ့ဝင်တွေဟာ လျှို့ဝှက် သတင်းအချက်လက်ကို ရပိုင်ခွင့်ရှိသူတွေ မဟုတ်ကြကြောင်းနဲ့ MOH က တရားဝင် မထုတ်ပြန်မီ ၎င်းတို့က COVID-19 အတည်ပြုလူနာ အရေအတွက်ကို ဖြန့်ဝေခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေအရ အဖမ်းခံရတဲ့ ဝန်ထမ်းအမျိုးသမီးဟာ ယခင်ကလည်း COVID-19 အတည်ပြုလူနာ အရေအတွက်ကို ဝန်ကြီးဌာနက တရားဝင် မထုတ်ပြန်မီ WeChat အုပ်စုထံ မျှဝေခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ MOH က အဆိုပါ ဝန်ထမ်းအမျိုးသမီးကို ရာထူးမှဆိုင်းငံ့ထားလိုက်ပါတယ်။

(Photo: Jeremy Long)

ထိုအမျိုးသမီးဟာ အစိုးရလျှို့ဝှက်ချက်များ ပေါက်ကြားစေမှု ပြစ်မှုထင်ရှားပါက Official Secrets Act အရ ငွေဒဏ် စင်ကာပူဒေါ်လာ ၂,၀၀၀ နဲ့ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။ ထို့အတူ ကွန်ပျူတာပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုအတွက် ပြစ်မှုထင်ရှားပါကလည်း Computer Misuse Act အရ ငွေဒဏ် စင်ကာပူဒေါ်လာ ၅,၀၀၀ နဲ့ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း CNA သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က