Remdesivir ဆေးကို မူလက အီဘိုလာရောဂါကုသရန် ရည်ရွယ်ခဲ့တာပါ။

ဂျပန်နိုင်ငံမှာ အမေရိကန်အခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ စမ်းသပ်အဆင့် Remdesivir ဆေးဖြင့် COVID-19 လူနာတွေကို ကုသရန် ယမန်နေ့ (မေ ၇ ရက်) က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အစိုးရက ပြောပါတယ်။

(Photo: Getty Images)



ဂျပန်အစိုးရက ပြည်တွင်းအခြေစိုက် ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားတဲ့ Avigan (Favipiravir) ဆေးကိုလည်း ယခုလအတွင်း COVID-19 အတွက် အသုံးပြုခွင့်ပေးရန် စီစဥ်နေကြောင်းလည်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ "Remdesivir ကို အထူးခြွင်းချက် အစီအမံများအရ ခွင့်ပြုပေးခဲ့ပါတယ်၊ ဒါက ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသမှုအတွက် ဆေးတစ်မျိုးကို ပထမဆုံး ခွင့်ပြုပေးလိုက်တာပါ" လို့ ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနတာဝန်ရှိသူက ပြောပါတယ်။

(Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ဆေး) (Photo: AFP)

အမေရိကန်ကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ စမ်းသပ်အဆင့် COVID-19 ကုသဆေးကို ခွင့်ပြုပေးရန် အစိုးရက အလျင်အမြန် ဆောင်ရွက်နေကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။ Remdesivir ဆေးကို မူလက အီဘိုလာ (Ebola) ရောဂါကုသရန် ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ စမ်းသပ်ကုသခဲ့ရာမှာ အောင်မြင်မှုအနည်းငယ်မျှသာ ရှိခဲ့ပါတယ်။

သို့သော် တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာတွေအရ Remdesivir ဟာ SARS (Severe Acute Respiratory Syndrome) နဲ့ MERS (Middle East Respiratory Syndrome) ဗိုင်းရပ်စ်များ အပါအဝင် COVID-19 နဲ့ ဆက်နွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်များ (coronaviruses) တားဆီးမှုနဲ့ကုသမှု နှစ်မျိုးလုံး လုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်။ ထို့နောက် COVID-19 လူနာတွေကို Remdesivir ဆေးဖြင့် စမ်းသပ်ကုသခဲ့ရာမှာ သိသာထင်ရှားတဲ့ ထိရောက်မှုရှိခဲ့ကြောင်း သိရပါတယ်။

(ဂျပန်ကုမ္ပဏီထုတ် Avigan ဆေး) (Photo: NY Times)

ဂျပန်ဟာ အမေရိကန်ပြီးပါက Remdesivir ဆေးဖြင့် COVID-19 လူနာတွေကို ကုသရန် ခွင့်ပြုပေးလိုက်တဲ့ ဒုတိယမြောက်နိုင်ငံလည်း ဖြစ်လာပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို ဆေးရုံတွေမှာ COVID-19 လူနာများအား အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က မေ ၁ ရက်နေ့မှာ တရားဝင် ခွင့်ပြုပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ပြည်တွင်းအခြေစိုက် Fujifilm Toyama Chemical ကုမ္ပဏီက တုပ်ကွေးရောဂါအတွက် ထုတ်လုပ်ထားတဲ့ Avigan ဆေးကိုလည်း အစိုးရက COVID-19 လူနာ ၁၀၀ ကို ကုသရာမှာ တိုးတက်မှုရှိပါက ခွင့်ပြုပေးရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဆေးပြားအနေဖြင့် သောက်သုံးနိုင်တဲ့ Avigan ဆေးကို တုပ်ကွေးရောဂါအတွက် အသုံးပြုရန် ၂၀၁၄ ခုနှစ်မှာ ဂျပန်အစိုးရက ခွင့်ပြုပေးထားခဲ့တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က