ပြည်ပနိုင်ငံတွေမှ စစ်ဘက်အရာရှိတစ်ဦးနဲ့ သံတမန်မိသားစုဝင်တစ်ဦးထံမှာ COVID-19 ကူးစက်မှုတွေ့ခဲ့ရပါတယ်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံတွေမှ စစ်ဘက်အရာရှိတစ်ဦးနဲ့ သံတမန်မိသားစုဝင်တစ်ဦးထံမှာ COVID-19 ကူးစက်မှုတွေ့ရပြီးနောက် ရောဂါထိန်းချုပ်ရေး လစ်ဟင်းမှုအတွက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြည်သူကို တောင်းပန်ခဲ့ပါတယ်။

ဒါ မဖြစ်သင့်ပါဘူး၊ ကျွန်တော် စိတ်မကောင်းပါဘူး၊ ထိုင်းပြည်သူတွေကို ကျွန်တော် တောင်းပန်ချင်ပါတယ်


ပြည်ပမှ ဝင်ရောက်လာသူ ကူးစက်မှုတွေအဖြစ် Rayong ခရိုင်အတွင်း စစ်တပ်မစ်ရှင်တစ်ခုမှာ ပါဝင်ခဲ့တဲ့ အီဂျစ်စစ်တပ်အရာရှိတစ်ဦးနဲ့ ဘန်ကောက်မြို့ရှိ ဆူဒန်သံတမန်တစ်ဦးရဲ့ အသက်ကိုးနှစ်အရွယ် သမီးတို့ထံမှာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အီဂျစ်စစ်ဘက်ကိုယ်စားလှယ်အဖွဲ့

"အခုလက်ရှိ အဓိက အရေးကြီးကိစ္စက Rayong က အခြေအနေပါ၊ ဒီရက်တွေမှာ ဒါက မဖြစ်သင့်ဘူး၊ စည်းမျဥ်းညွှန်ကြားချက်တွေကို မလေးစားတာဖြစ်ပြီး စည်းကမ်းမရှိတာပဲ၊ အများပြည်သူကိုလည်း စာနာထောက်ထားမှု မရှိတာပဲ" လို့ ဝန်ကြီးချုပ်ပရာယွတ်က အစိုးရအိမ်တော်မှာ ဇူလိုင် ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ "အခု အရေးကြီးဆုံးက ဒီယိုပေါက်တွေကိုပိတ်ပြီး အခုလို လျော့ရဲမှုတွေကို အဆုံးသတ်ဖို့ပဲ" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

ဝန်ကြီးချုပ်ပရာယွတ်ဟာ ထိုင်းနိုင်ငံရဲ့ Centre for COVID-19 Situation Administration (CSSA) ဥက္ကဌအဖြစ် တာဝန်ယူထားတာလည်း ဖြစ်ပါတယ်။ ယခုတွေ့ရတဲ့ ပြည်ပမှ ဝင်ရောက်လာတဲ့ ကူးစက်မှုနှစ်ခုအနက် အသက် ၄၃ နှစ်အရွယ် အီဂျစ်စစ်တပ်အရာရှိဟာ ထိုင်းအရှေ့ပိုင်း Rayong ခရိုင်ရှိ U-Tapao အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇူလိုင် ၈ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။

၎င်းဟာ အီဂျစ်နိုင်ငံမှ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ပါကစ္စတန်တို့မှာ ဆင်းသက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရောက်ရှိလာခဲ့တဲ့ စစ်လေယာဥ်မှာ လိုက်ပါလာသူ ကိုယ်စားလှယ်အဖွဲ့ဝင် ၁၃ ဦးအနက် ပါဝင်ခဲ့ပါတယ်။ အဆိုပါ အဖွဲ့ဟာ ဇူလိုင် ၉ ရက်နေ့က တရုတ်နိုင်ငံ စီချွမ်ပြည်နယ် Chengdu မြို့ကို သွားရောက်ခဲ့ပါသေးတယ်။ ထို့နောက် ဇူလိုင် ၁၀ ရက်နေ့မှာ Rayong ကို ပြန်ရောက်လာခဲ့ကြတယ်လို့ CCSA က ပြောပါတယ်။

စည်းမျဥ်းညွှန်ကြားချက်တွေကို မလေးစားတာဖြစ်ပြီး စည်းကမ်းမရှိတာပဲ

ထိုင်းနိုင်ငံမှာ ရှိနေစဥ်အတွင်း ထိုအဖွဲ့ကို D Varee Diva Central Rayong ဟိုတယ်မှာ အသွားအလာ ကန့်သတ်ထားရှိရမှာ ဖြစ်ပါတယ်။ သို့သော် ၎င်းတို့ထဲမှ အချို့ဟာ တရုတ်နိုင်ငံမှ ပြန်ရောက်လာပြီးနောက် ဇူလိုင် ၁၀ ရက်နေ့က ဟိုတယ်ကနေထွက်ခွာပြီး စတိုးဆိုင်နှစ်ဆိုင်မှာ ဈေးဝယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

၎င်းတို့ ဈေးဝယ်ထွက်ခဲ့တဲ့ စတိုးဆိုင်တွေမှာ Passione Shopping Destination နဲ့ Central တို့ ပါဝင်ခဲ့ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာပင် ကျန်းမာရေးတာဝန်ရှိသူတွေက အီဂျစ်စစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် အားလုံးကို COVID-19 စစ်ဆေးခဲ့ပါတယ်။ သို့သော် စစ်ဆေးမှုအဖြေကတော့ အီဂျစ်ကိုယ်စားလှယ်အဖွဲ့ ထိုင်းကနေ အီဂျစ်ကို ဇူလိုင် ၁၁ ရက်မှာ ထွက်ခွာသွားပြီးနောက်မှသာ သိရှိခဲ့ရတာ ဖြစ်ပါတယ်။ စစ်ဆေးမှုအဖြေများအရ ထိုအဖွဲ့ထဲမှ စစ်တပ်အရာရှိတစ်ဦးဟာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ခဲ့ရပါတယ်။

"ဒါ မဖြစ်သင့်ပါဘူး၊ ကျွန်တော် စိတ်မကောင်းပါဘူး၊ ထိုင်းပြည်သူတွေကို ကျွန်တော် တောင်းပန်ချင်ပါတယ်" လို့ ဝန်ကြီးချုပ်ပရာယွတ်က ပြောခဲ့ပါတယ်။ CCSA ရဲ့ အဆိုအရ အီဂျစ်စစ်ဘက် ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းကိုရောက်ရှိလာခဲ့စဥ် နှာခေါင်းတို့ဖတ်ရယူမှု လုပ်ဆောင်ရန် မလိုအပ်ခဲ့ကြောင်း သိရပါတယ်။

"အရင်ကလည်း ဒီလို လေကြောင်းခရီးစဥ်တွေ ရှိခဲ့ဖူးပါတယ်၊ ဒါက ပုံမှန်လုပ်နေကျပါပဲ၊ ဒါကြောင့် သူတို့ကိုလည်း ဝင်ခွင့်ပြုခဲ့ပါတယ်၊ သူတို့အတွက် စစ်ဆေးရမယ့် လိုအပ်ချက်ထဲမှာ နှာခေါင်းတို့ဖတ်ယူတာ မပါဝင်ပါဘူး၊ ဒါပေမဲ့ သူတို့က ထိုင်းကို မဝင်ရောက်ခင် သူတို့နိုင်ငံမှာတော့ စစ်ဆေးခဲ့ကြပါတယ်" လို့ CCSA ပြောခွင့်ရအမျိုးသား Taweesin Visanuyothin က ပြောပါတယ်။ ယခုဖြစ်ရပ်ကြောင့် Rayong မှာ COVID-19 ကူးစက်မှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ကြောက်လန့်နေကြပါတယ်။

အခု အရေးကြီးဆုံးက ဒီယိုပေါက်တွေကိုပိတ်ပြီး အခုလို လျော့ရဲမှုတွေကို အဆုံးသတ်ဖို့ပဲ

ဆူဒန်သံတမန် မိသားစု

နောက်ထပ် ပြည်ပမှ ကူးစက်မှုတစ်ခုကတော့ ဘန်ကောက်မြို့တော်မှာ ဆူဒန်သံတမန်တစ်ဦးရဲ့ အသက်ကိုးနှစ်အရွယ် သမီးဖြစ်သူထံ COVID-19 ကူးစက်ခံထားရကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ဆေးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ ဆူဒန်သံတမန် မိသားစုဟာ ဇူလိုင် ၁၀ ရက်နေ့က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့ကြပြီးနောက် ကျန်းမာရေးစစ်ဆေးမှုခံယူပြီး ကွန်ဒိုတိုက်ခန်းတစ်ခုမှာ အသွားအလာ ကန့်သတ်နေထိုင်ခဲ့ကြပါတယ်။

၎င်းတို့ရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးမှုအဖြေအရ အသက်ကိုးနှစ်အရွယ် မိန်းကလေးဟာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ထို့‌နောက် သူမကို ဘန်ကောက်မြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။ သံတမန်မိသားစုဟာ ဆူဒန်သံရုံးရှိ ဝန်ထမ်းအိမ်ရာကို ဇူလိုင် ၁၂ ရက်နေ့က ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ COVID-19 အခြေအနေ

ထိုင်းနိုင်ငံမှာ COVID-19 ပြည်တွင်းကူးစက်မှု မတွေ့ရှိရတော့တာ တစ်လကျော်ကြာပြီ ဖြစ်ပါတယ်။ CCSA က အင်္ဂါနေ့ (ဇူလိုင် ၁၄ ရက်) မှာ ထုတ်ပြန်ချက်အရ ထိုင်းမှာ ကူးစက်ခံရသူ နောက်ထပ် ခုနစ်ဦး တွေ့ရှိရပြီး အားလုံးဟာ ပြည်ပမှ ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံသားတွေလို့ ဆိုပါတယ်။

၎င်းတို့ဟာ ကွာရန်တင်းစင်တာတွေမှာ အသွားအလာ ကန့်သတ်နေထိုင်နေကြပြီး အီဂျစ်မှပြန်လာသူ ခြောက်ဦးနဲ့ အမေရိကန်ပြန် တစ်ဦးဖြစ်ပါတယ်။ ဇူလိုင် ၁၄ ရက်အထိ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၃,၂၂၇ ဦး တွေ့ရှိခဲ့ရပြီး ၎င်းတို့အနက် ၃,၀၉၁ ဦး ဆေးရုံမှဆင်းသွားပြီဖြစ်ကာ ၇၈ ဦးကတော့ ဆေးရုံတက်နေရဆဲ ဖြစ်ပါတယ်။ ထိုင်းမှာ COVID-19 လူနာ ၅၈ ဦး သေဆုံးခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

Photo and Infographic: Bangkok Post, CNA, Rayong Municipality Facebook, AFP, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က