loading...

loading...

loading...

တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ လျော့ကျသွားခဲ့ပြီး ယာယီ ဆေးရုံများပိတ်သိမ်းနိုင်ခဲ့ပါတယ်။
Ko John

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကူးစက်ဖြစ်ပွားနေတဲ့ COVID-19 စတင်တွေ့ရှိရာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်မှာ ၂ လကြာ lockdown လုပ်ထားခဲ့ပြီးနောက် အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေကို ဖြေလျှော့ပယ်ဖျက်ပေးသွားတော့မယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက မတ်လ ၂၄ ရက်မှာ ပြောပါတယ်။

ကျန်းမာရေးကောင်းမွန်တဲ့ ဒေသခံတွေကို အင်္ဂါနေ့ (မတ်လ ၂၄ ရက်) ညသန်းခေါင်မှစပြီး ခရီးသွားလာခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ဟူဘေးပြည်နယ်အတွင်းရှိ COVID-19 ရောဂါဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့မှာလည်း အသွားအလာ ပိတ်ပင်ထားမှုတွေကို လာမယ့် ဧပြီလ ၈ ရက်နေ့မှာ ပယ်ဖျက်သွားမယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

ဝူဟန်မြိုခံတွေဟာ ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေမှတ်တမ်းနဲ့ ချိတ်ဆက်ထားတဲ့ ကျန်းမာရေး QR ကုတ်အခြေခံစနစ်အရ ပြင်ပသွားလာခွင့်ရရှိမယ်လို့ ဆိုပါတယ်။ မတ်လ ၂၄ ရက် စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိရမှု ၇၈ ဦးရှိခဲ့ရာ အများစုဟာ ပြည်ပမှ ဝင်ရောက်လာသူတွေ ဖြစ်နေပါတယ်။

ထိုအခြေအနေကြောင့် တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေလည်း မြင့်တက်နေကြောင်း သိရပါတယ်။ လက်တလော သီတင်းများအတွင်းမှာတော့ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ လျော့ကျသွားခဲ့ပြီး ယာယီ ဆေးရုံများပိတ်သိမ်းနိုင်ခဲ့ပါတယ်။ မတ်လ ၂၄ ရက် ညပိုင်းအထိ ကျန်းမာရေးကော်မရှင်ရဲ့ တရားဝင် စာရင်းတွေအရ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၁,၁၇၁ ဦး၊ သေဆုံးသူ ၃,၂၇၇ ဦးနဲ့ ပြန်လည်သက်သာသွားသူ ၇၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က