ဒေလီမြို့ခံတွေရဲ့ သွေးနမူနာများကို ကျပန်းစစ်ဆေးပြီး လေ့လာမှုပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမြို့မှာ သွေးနမူနာများရယူပြီး ပဋိပစ္စည်း ကျပန်းစစ်ဆေးမှုတွေအရ လူလေးဦးမှာတစ်ဦးနှုန်းနီးပါးက COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတယ်လို့ အစိုးရလေ့လာမှုက ဆိုပါတယ်။

(Photo: BBC)

အစိုးရက လေ့လာမှုအရ ဒေလီမြို့မှာ သွေးနမူနာများကို ရယူစစ်ဆေးခဲ့တဲ့ လူဦးရေ ၂၁,၃၈၇ ဦးရဲ့ ၂၃.၄၈ ရာခိုင်နှုန်းထံမှာ COVID-19 ပဋိပစ္စည်းများ တွေ့ရှိခဲ့ရပါတယ်။ ယခုတွေ့ရှိမှုအရ ဒေလီမှာ ကူးစက်ဖြစ်ပွားမှုဟာ အတည်ပြုထားတဲ့ အရေအတွက်ထက် ပိုများနိုင်ကြောင်း ယူဆရပါတယ်။ ဒေလီမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၂၃,၇၄၇ ဦး စစ်ဆေးအတည်ပြုထားခဲ့ရာ မြို့ရဲ့လူဦးရေ ၁၉.၈ သန်းရဲ့ ၁ ရာခိုင်နှုန်းအောက် လျော့နည်းတဲ့ပမာဏ ဖြစ်ပါတယ်။



သွေးနမူနာများကို ကျပန်းစစ်ဆေးမှုအရ တွေ့ရှိလာရတဲ့ ကူးစက်ခံရသူ ၂၃.၄၈ ရာခိုင်နှုန်းဟာ ဒေလီမြို့ရဲ့ လူဦးရေ ၄.၆၅ သန်းလို့ ဆိုနိုင်ပါတယ်။ စစ်ဆေးအတည်ပြုထားတဲ့ ကူးစက်ခံရသူ အရေအတွက်နဲ့ လေ့လာမှုအရ တွေ့ရှိရမှု ကွာခြားနေခြင်းက ကူးစက်ခံရသူများစွာဟာ ရောဂါလက္ခဏာမပြဘဲ ရှိနေကြကြောင်း ညွှန်ပြနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်မှုက ပြောထားပါတယ်။

(Photo: One India)

ဒေလီမြို့ဟာ လူဦးရေထူထပ်များပြားတာကြောင့် ကူးစက်မှု ၂၃.၄၈ ရာခိုင်နှုန်းဟာ အလွန်နည်းတာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ သို့သော် ဒေလီမြို့ရဲ့ သိသာတဲ့ လူဦးရေအချိုးအစားဟာ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေဆဲဖြစ်ပြီး ဘေးကင်းစိတ်ချရတဲ့ အစီအမံတွေကို တိကျစွာ လိုက်နာရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အိန္ဒိယမှာ ယခုကဲ့သို့ သွေးနမူနာများကို ကျပန်းစစ်ဆေးပြီး လေ့လာမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အာဏာပိုင်တွေအတွက် ကူးစက်ဖြစ်ပွားမှု အခြေအနေကို ပိုမိုနားလည်သဘောပေါက်နိုင်တာကြောင့် အရေးပါတဲ့ လုပ်ဆောင်မှုဖြစ်ကြောင်း ကျွမ်းကျင်သူတွေက မှတ်ချက်ပြုကြပါတယ်။ ဒေလီမြို့ဟာ အိန္ဒိယမြို့ကြီးတွေအနက် COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နေရာတစ်ခုဖြစ်ပြီး ဇွန်လရဲ့ ပထမနှစ်ပတ်အတွင်း ဆေးရုံတွေမှာ လူနာကုတင် မလုံလောက်မှု ကြုံခဲ့ရပါတယ်။

(Photo: Getty Images)

နောက်ပိုင်းမှာတော့ နေ့စဥ် ကူးစက်မှုအရေအတွက် လျော့ကျသွားခဲ့ရာ ဆေးရုံတွေမှာ အခြေအနေ တိုးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ဒေလီမှာ နေ့စဥ် ကူးစက်မှုအသစ် ၁,၂၀၀ ကနေ ၁,၆၀၀ တွေ့ရှိခဲ့ရပါတယ်။ တနင်္လာနေ့ (ဇူလိုင် ၂၀ ရက်) မှာတော့ ဒေလီမြို့မှာ နောက်ထပ် ကူးစက်ခံရသူ ၉၅၄ ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။

ကူးစက်မှုအရေအတွက် လျော့ကျလာခြင်းဟာ COVID-19 စစ်ဆေးခြင်း၊ ရောဂါရှိသူနဲ့ ထိတွေ့သူတွေကို ခြေရာခံရှာဖွေခြင်းနဲ့ သီးခြားခွဲထားခြင်းတို့ တိုးမြင့်လုပ်ဆောင်မှုကြောင့် ဖြစ်ပါတယ်။ ဒေလီမြို့မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက်လည်း လျော့ကျလာခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က