ဒိန်းမတ်မှာ COVID-19 တိုက်ဖျက်ရေး lockdown အစီအမံအရ မတ် ၁၂ ရက်မှစပြီး ကျောင်းများပိတ်ထားခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံတစ်ဝှမ်းရှိ နေ့ကလေးထိန်းကျောင်းနဲ့ စာသင်ကျောင်းတွေမှာ အသက် ၁၁ နှစ်အထိ ကလေးများ ကျောင်းပြန်တက်နေကြပြီ ဖြစ်ပါတယ်။

(Photo: Reuters)

ဒိန်းမတ်အစိုးရဟာ ဥရောပမှာ COVID-19 ရောဂါဗိုင်းရပ်စ်တိုက်ဖျက်ရေး ပညာသင်ကြားမှု ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိုက်တဲ့ ပထမဆုံးအစိုးရတစ်ရပ်လည်း ဖြစ်လာပါတယ်။ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်မှာ ကျောင်းပြန်တက်လာကြတဲ့ ကလေးတွေကို ဝန်ကြီးချုပ် မက်တီဖရီဒါရစ်ခ်ဆန်က ကြိုဆိုခဲ့ကြောင်း သိရပါတယ်။



ဒိန်းမတ်ဟာ ဥရောပမှာ ဗိုင်းရပ်တိုက်ဖျက်ရေး lockdown အစီအမံကို ပထမဆုံး ဆောင်ရွက်ခဲ့တဲ့ နိုင်ငံများအနက် ပါဝင်ခဲ့ပြီး မတ်လ ၁၂ ရက်နေ့ကတည်းက ကျောင်းများပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ ဒိန်းမတ်မှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျလာခဲ့ပေမဲ့ ဝေဖန်သူတွေကတော့ ကလေးတွေကို ကျောင်းပြန်တက်ခွင့်ပြုခြင်းဟာ အန္တရာယ်များကြောင်း ပြောကြပါတယ်။

(Photo: EPA)

"ကျွန်မတို့အားလုံး နည်းနည်းတော့ စိတ်ရှုပ်ရပါတယ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး စည်းမျဥ်းစည်းကမ်းတွေကို သေချာလိုက်နာရပါမယ်၊ ကျွန်မတို့ တစ်နေ့လုံး ခဏခဏ လက်ဆေးရမယ်၊ ကျွန်မတို့မှာ mask တွေ မရှိဘူး၊ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် သတ်မှတ်အကွာအဝေးအတိုင်း ခပ်ခွာခွာနေကြရမယ်၊ ဒါက အရမ်းခက်ခဲတဲ့ အလုပ်ပါပဲ" လို့ Danish Union of Early Childhood and Youth Educators မှ အီလစ်ဆာရမ်လာက BBC သတင်းဌာနကို ပြောခဲ့ပါတယ်။

ယနေ့ (ဧပြီ ၁၅ ရက်) ညနေပိုင်းအထိ ဒိန်းမတ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၆,၆၈၁ ဦး၊ သေဆုံးသူ ၃၀၉ ဦးနဲ့ ပြန်လည်သက်သာသူ ၂,၅၁၅ ဦးရှိခဲ့ပါတယ်။ ဥရောပမှာ အီတလီ၊ စပိန်၊ ဩစတြီးယားနဲ့ ချက်ရီပတ်ဘလစ် နိုင်ငံတို့ကလည်း COVID-19 ကြောင့် ပိတ်ပင်ကန့်သတ်ချက်ပြီး lockdown လုပ်ထားမှုတွေကို စတင်ဖြေလျှော့ပေးနေကြောင်း သိရပါတယ်။

(Photo: Reuters)

ဩစတြီးယားမှာ ဆိုင်အသေးများကို ဧပြီ ၁၄ ရက်နေ့က ပြန်ဖွင့်ခွင့်ပြုခဲ့ပြီး ချက်ရီပတ်ဘလစ် အစိုးရကလည်း lockdown စီမံဆောင်ရွက်မှုများ ရုပ်သိမ်းသွားမယ့် အဆင့်ငါးဆင့် အချိန်ဇယား ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ စပိန်နိုင်ငံမှာလည်း မရှိမဖြစ် မဟုတ်တဲ့ လုပ်ငန်းတွေကို နှစ်ပတ်ကြာ ရပ်ဆိုင်းထားစေခဲ့ပြီးနောက် ယခုအခါ ပြန်လုပ်ခွင့်ပြုလိုက်ပြီလို့ ဆိုပါတယ်။ ထို့အတူ အီတလီမှာ ဒေသအချို့ရှိ စာအုပ်ဆိုင်များနဲ့ အဝတ်အထည်ဆိုင်များ ပြန်ဖွင့်ခဲ့ကြကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က