အရက်သောက်ထားကြောင်း ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဒူးရင်းသီး အများအပြားစားလာခဲ့တဲ့ အမျိုးသားတစ်ဦးဟာ အရက်သောက်ထားခြင်းရှိ မရှိ လေမှုတ်ထုတ်စေပြီး စစ်ဆေးတိုင်းတာတဲ့ စက်ကိရိယာဖြင့် အစစ်ခံခဲ့ရစဉ် မအောင်မြင်ခဲ့ဘဲ ရဲအရာရှိတွေနဲ့ အငြင်းပွားခဲ့ရတယ်လို့ ဆိုပါတယ်။

(ဒူးရင်းသီးစားပြီး အရက်တိုင်းကိရိယာဖြင့် စမ်းသပ်စစ်ဆေးကြည့်သည့် ရဲအရာရှိ) (Photo: Pear Video)

တရုတ်ဗီဒီယိုဝက်ဘ်ဆိုက် Pear Video ရဲ့အဆိုအရ တရုတ်အရှေ့ပိုင်း Jiangsu ပြည်နယ် Rudong ကောင်တီမှ အမည်မဖော်ပြထားတဲ့ ထိုအမျိုးသားဟာ ဧပြီ ၁၇ ရက်နေ့က ကားမောင်းသွားနေစဉ် ရဲတပ်ဖွဲ့က ၎င်းကို အရက်သောက်ပြီး ကားမောင်းနှင်ကြောင်း သံသယရှိမှုဖြင့် ရပ်တန့်စစ်ဆေးခဲ့ပါတယ်။



ရဲအရာရှိတွေက ၎င်းကို လေမှုတ်ထုတ်စေပြီး အရက်သောက်ထားခြင်းရှိ မရှိ စစ်ဆေးခဲ့ရာမှာ အရက်သောက်ထားကြောင်း ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ထိုအမျိုးသားက ဒူးရင်းသီး စားလာခဲ့တာသာဖြစ်တယ်လို့ ရဲအရာရှိတွေကို အခိုင်အမာ ကန့်ကွက်ငြင်းဆိုခဲ့ပါတယ်။ ထို့နောက် ၎င်းရဲ့သွေးကို စစ်ဆေးခဲ့ရာမှာတော့ အမှန်တစ်ကယ် အရက်သောက်ထားခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပြီး အရေးယူခံမယ့်အရေးမှ လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

(ရဲအရာရှိက ကိုယ်တိုင်းစမ်းသပ်ရန် ပြင်ဆင်နေစဉ်) (Photo: Pear Video)

ယခုဖြစ်ရပ်အပြီးမှာ ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေက ၎င်းတို့ကိုယ်တိုင် ဒူးရင်းသီးစားပြီးနောက် လေမှုတ်ထုတ်ကာ အရက်သောက်ထားခြင်းရှိ မရှိ စစ်ဆေးတိုင်းတာမှု စက်ကိရိယာဖြင့် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဧပြီ ၂၉ ရက်နေ့က စမ်းသပ်မှုအရ ရဲအရာရှိ Yu Pengxiang က ဒူးရင်းသီးစားပြီးပြီးချင်း လေမှုထုတ်ကာ စစ်ဆေးတိုင်းတာကိရိယာဖြင့် စစ်ဆေးခဲ့ရာ ၎င်းရဲ့သွေးအတွင်း အရက်ပါဝင်မှု ပမာဏ ၁၀၀ မီလီလီတာမှာ ၃၆ မီလီဂရမ် (36mg per 100ml) ဖြစ်တယ်လို့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

(ဟိုတယ်တစ်ခုမှာ ဒူးရင်းသီးယူဆောင်မလာရန် တားမြစ်ထားမှု) (Photo: SCMP/Getty Images)

တရုတ်နိုင်ငံမှာ အရက်ပါဝင်မှု မမာဏကို အကြမ်းဖျင်းအားဖြင့် ၁၀၀ မီလီလီတာမှာ ၂၀ မီလီဂရမ် (20mg per 100ml) အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ ထို့နောက် သုံးမိနစ်အကြာမှာ နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးခဲ့ရာ အရက်သောက်ထားခြင်းမရှိကြောင်း ရလဒ်ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ယခုဖြစ်ရပ်အပြီးမှာ Pear Video ဝက်ဘ်ဆိုက်က ပရိသတ်တွေကို ကားမောင်းနေရင်း ဒူးရင်းသီး၊ လိုင်ချီသီး မစားကြရန်နဲ့ ပလုတ်ကျင်းဆေးတွေ မသုံးကြရန် သတိပေးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က