လက်နက်များတင်သွင်းမှုနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတို့ ရပ်ဆိုင်းရန် အလေးအနက် သတိပေးခြင်းလို့ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဇူလိုင် ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ် စမ်းသပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနဲ့ ထိုဒုံးကျည်ပစ်လွှတ်မှုတွေဟာ တောင်ကိုရီးယားကို အလေးအနက် သတိပေးမှုဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ယနေ့ (ဇူလိုင် ၂၆ ရက်) ပြောပါတယ်။

(မြောက်ကိုရီးယားက ဇူလိုင် ၂၅ ရက် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု) (Photo: KCNA)

ယမန်နေ့က ဒုံးကျည်ပစ်လွှတ်မှုတွေဟာ စစ်မီးမွှေးသူ တောင်ကိုရီးယားတို့ကို လက်နက်များတင်သွင်းနေမှုနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတို့ ရပ်ဆိုင်းရန် အလေးအနက် သတိပေးခြင်းဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရသတင်ဌာန KCNA က ပြောကြားလိုက်ပါတယ်။



မြောက်ကိုရီးယားက ယမန်နေ့ ဒေသစံတော်ချိန် မနက်အစောပိုင်းမှာ နိုင်ငံအရှေ့ဘက်ကမ်းရိုတန်း ဝန်စန်မြို့အနီးမှ တာတိုပစ်ဒုံးကျည် အမျိုးအစားသစ်တွေကို ပစ်လွှတ်စမ်းသပ်ခဲ့ပြီး ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ ဇွန်လအတွင်း တွေ့ဆုံခဲ့ကြပြီးနောက် ပထမဆုံးကြိမ် လက်နက်စမ်းသပ်မှုလည်း ဖြစ်လာပါတယ်။

(ထရန်နဲ့ကင်မ်ဂျုံအန်တို့ စစ်မဲ့ဇုန်မှာ တွေ့ဆုံခဲ့ကြစဉ်) (Photo: Susan Walsh/AP)

ကင်မ်ဂျုံအန်နဲ့ထရန့်တို့ တွေ့ဆုံခဲ့စဉ်က နျူကလီးယားအရေး ဆွေးနွေးမှုတွေပြန်လုပ်မယ်လို့ သဘောတူညီခဲ့ကြပါတယ်။ သို့သော် မြောက်ကိုရီးယားက ယမန်နေ့ ဒုံးကျည်သစ် စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် မည်သို့ အခြေအနေ ဖြစ်လာမည်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

"ကျွနု်ပ်တို့ လုပ်ခွင့်မရှိပေမဲ့ ကျွနု်ပ်တို့နိုင်ငံရဲ့ လုံခြုံရေးကို တိုက်ရိုက်နဲ့ အလားအလာရှိ ခြိမ်းခြောက်မှုကို ဖယ်ရှားဖို့အတွက် စူပါပါဝါ လက်နက်စနစ်တွေ တည်ဆောက်ပါတယ်၊ တောင်ပိုင်းဘက်က ခြိမ်းခြောက်မှုရှိပါတယ်" လို့ KCNA က သတင်းထုတ်လွှင်ရာမှာ ပြောခဲ့ပါတယ်။ အမေရိကန်ကတော့ မြောက်ကိုရီးယားကို နောက်ထပ် တမင်တကာ ရန်စမှုတွေ ရှောင်ကြဉ်ထိန်းသိမ်းရန် တိုက်တွန်းခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်ရန် မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။

(ဇူလိုင် ၂၅ ရက် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကင်မ်ဂျုုံအန် ကြည့်ရှုစဉ်) (Photo: KCNA)

တောင်ကိုရီးယားကလည်း တင်းမာမှုလျော့ကျစေရေး အကူအညီမဖြစ်တဲ့ လုပ်ဆောင်မှုတွေရပ်ဆိုင်းရန် မြောက်ကိုရီးယားကို တိုက်တွန်းခဲ့ပြီး ဒုံးကျည်စမ်းသပ်မှုကို စစ်ရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယားသတင်းဌာန KCNA က ပြောကြားရာမှာ ထရန့် သို့မဟုတ် အမေရိကန်အမည်ကို မဖော်ပြခဲ့ပေမဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် တောင်ကိုရီးယားအာဏာပိုင်တွေကို ဝေဖန်ခဲ့ပါတယ်။

တောင်ကိုရီးယားက နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန်တပ်ဖွဲ့တွေနဲ့အတူ ပြုလုပ်တာလည်းဖြစ်ပါတယ်။ KCNA သတင်းအရ ကင်မ်ဂျုံအန်က "ဒုံးကျည်စမ်းသပ်မှုဟာ စစ်မီးမွှေးနေသူ တောင်ကိုရီးယားစစ်တပ်ကို အလေးအနက် သတိပေးမှုတစ်ခု ဖြစ်တယ်" လို့ ပြောခဲ့ကြောင်းသိရပါတယ်။

(မြောက်ကိုရီးယားက ဇူလိုင် ၂၅ ရက် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု) (Photo: KCNA)

ဒါ့အပြင် တောင်ကိုရီးယားဟာ 'မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်' မူဝါဒဖြင့် ငြိမ်းချမ်းရေးကို အားပေးထောက်ခံနေပြီး တစ်ချိန်တည်းမှာပင် လက်နက်တွေတင်သွင်းမှုနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ ကင်မ်ဂျုံအန်က စွပ်စွဲလိုက်ပါတယ်။ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ ဒုံးကျည်နှစ်စင်း စမ်းသပ်ပစ်လွှတ်မှုရလဒ်ကို ကျေနပ်အားရကြောင်းနဲ့ ဒုံးကျည်အမျိုးအစားသစ်ဟာ ကြားဖြတ်ဟန့်တားရန် ခက်ခဲတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြောခဲ့ပါတယ်။

(ကိုရီးယားခေါင်းဆောင်နှစ်ဦး ၂၀၁၈ ခုနှစ်အတွင်း တွေ့ဆုံခဲ့စဉ်) (Photo: Bloomberg)

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း မြောက်ကိုရီးယားခေါင်းဆောင် အနေနဲ့ ထိုကဲ့သို့ 'ကိုယ့်သေတွင်းကိုယ်တူးတဲ့ လုပ်ရပ်တွေ' ရပ်တန့်သင့်ကြောင်းနဲ့ 'သတိပေးမှုတွေကို မသိကျိုးကျွန်ပြုတဲ့အမှား မလုပ်သင့်ကြောင်း' တုံ့ပြန်ပြောခဲ့ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်နှစ်စင်းဟာ အကွာအဝေး ၂၆၇ မိုင်နဲ့ ၄၂၉ မိုင်သို့ အသီးသီး ရောက်ရှိခဲ့တယ်လို့ Reuters သတင်းမှ ဖော်ပြထားပါတယ်။

 မြောက်ကိုရီးယားရဲ့ နောက်ဆုံးအကြိမ် လက်နက်စမ်းသပ်မှုကို ယခုနှစ် မေလအတွင်း ပြုလုပ်ခဲ့ပြီး တာတိုပစ်ဒုံးကျည်တွေနဲ့ ပိုမိုသေးငယ်တဲ့ ဒုံးလက်နက်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အဆိုပါ လက်နက်စမ်းသပ်မှုတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

(ရေငုပ်သင်္ဘောတည်ဆောက်မှုကို ကင်မ်ဂျုံအန် ကြည့်ရှုစစ်ဆေးစဉ်) (Photo: KCNA)

အင်္ဂါနေ့ (ဇူလိုင် ၂၃ ရက်) ကလည်း ကင်မ်ဂျုံအန်က ဒုံးကျည်အစီအစဉ် ဦးဆောင်သူတွေ ခြံရံလိုက်ပါလျက် အသစ်တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောကြီးတစ်စီးကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ဖော်ပြခဲ့ပါတယ်။ ထိုသတင်းဟာ မြောက်ကိုရီးယားအနေနဲ့ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် တည်ဆောက်ရေးကို ဆက်လက် လုပ်ဆောင်နေခဲ့ကြောင်း ဖြစ်နိုင်ခြေရှိတဲ့ အချက်ပြမှုလို့ဆိုပါတယ်။

Share

Loading Next Article...
က္က