ဟောင်ကောင်မှာ စမ်းသပ်ကုသခဲ့ရာ ရလဒ်ကောင်းထွက်ပေါ်ခဲ့ပါတယ်။

ဟောင်ကောင်မှာ စမ်းသပ်မှုတစ်ခုအရ ရောဂါလက္ခဏာ မပြင်းထန်တဲ့ COVID-19 လူနာတွေကို ဗိုင်းရပ်စ်တိုက်ဖျက်ဆေးသုံးမျိုး ပေါင်းစပ်ကုထုံးဖြင့် ကုသခဲ့ရာ ပြန်လည်သက်သာခဲ့ကြောင်းနဲ့ ၎င်းတို့ရဲ့ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်ပမာဏ လျင်မြန်စွာ လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

လူနာ ၁၃ ဦးကို HIV ကုသဆေး lopinavir-ritonavir, အသည်းရောင်ရောဂါကုသဆေး ribavirin နဲ့ multiple sclerosis ကုသဆေး interferon beta တို့ဖြင့် ကုသပေးခဲ့ပြီး HIV ဆေးသာပေးခဲ့တဲ့ အခြား လူနာအုပ်စုတစ်ခုနဲ့ နှိုင်းယှဥ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခု စမ်းသပ်ကုသမှုရလဒ်ကို Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားခဲ့ရာ သုံးမျိုးပေါင်းစပ်ဆေးဖြင့် ကုသပေးခဲ့တဲ့ COVID-19 လူနာတွေဟာ ထိုသုံးမျိုးပေါင်းစပ်ဆေး မပေးထားခဲ့တဲ့ လူနာတွေထက် ငါးရက်စောပြီး ဗိုင်းရပ်စ်ကင်းစင်ခဲ့ကာ ပြန်သက်သာလာတယ်လို့ ပြောထားပါတယ်။



(Photo: AFP)

သုံးမျိုးပေါင်းစပ်ဆေးဖြင့် ကုသပေးခဲ့တဲ့ လူနာတွေထံမှာ ၇ ရက်ကြာပြီးနောက် ဗိုင်းရပ်စစ် မတွေ့ရတော့ဘဲ HIV ဆေးတစ်မျိုးတည်းဖြင့်သာ ကုသပေးခဲ့တဲ့ အခြား လူနာအုပ်စုကတော့ ၁၂ ရက်ကြာမှ ဗိုင်းရပ်စ် မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ "ကျွန်တော်တို့ရဲ့ စမ်းသပ်ကုသမှုအရ COVID-19 လက္ခဏာ မပြင်းထန်တဲ့ လူနာတွေကို ဗိုင်းရပ်စ်တိုက်ဖျက်ဆေးသုံးမျိုး ပေါင်းစပ်ကုထုံးနဲ့ စောစီးစွာ ကုသပေးခဲ့ရာမှာ လူနာရဲ့ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်အရေအတွက် အလျင်အမြန် လျော့ကျသွားတယ်၊ ရောဂါလက္ခဏာတွေ သက်သာသွားပြီး ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းကို အန္တရာယ်ဖြစ်နိုင်မှု လျော့နည်းခဲ့ပါတယ်" လို့ ယခု စမ်းသပ်ကုသမှု သုတေသနကို တွဲဖက်ဦးဆောင်ခဲ့သူ ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ Kwok-Yung Yuen က ပြောပါတယ်။

(Photo: Xinhua)

ဗိုင်းရပ်စ်တိုက်ဖျက်ဆေး သုံးမျိုးပေါင်းစပ်ကုထုံးကြောင့် ဗိုင်းရပ်စ် အရေအတွက်လျော့ကျပြီး ကူးစက်ပျံ့နှံ့မှုနိုင်ခြေကို လျှော့ချနိုင်ပြီး ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ကူးစက်ခံရနိုင်မှု အန္တရာယ်လျော့နည်းစေမယ်လို့ ဆိုပါတယ်။ ယခု စမ်းသပ်ကုသမှုဟာ လူနာအရေအတွက် အနည်းငယ်ဖြင့်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီ နောက်ထပ် ပိုမိုများပြားတဲ့ COVID-19 လူနာတွေမှာ စမ်းသပ်ရန်နဲ့ ရောဂါလက္ခဏာ ပိုပြင်းထန်တဲ့ လူနာတွေမှာ စမ်းသပ်ရန်လိုအပ်ကြောင်း ပါမောက္ခ Kwok-Yung Yuen ပြောထားပါတယ်။

လွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေကလည်း ယခု စမ်းသပ်ကုသမှု တွေ့ရှိချက်တွေဟာ ရလဒ်ကောင်းမွန်ကြောင်း လက်ခံသဘောတူခဲ့ပေမဲ့ ပိုမိုများပြားတဲ့ လူနာတွေမှာ စမ်းသပ်ကုသရန်နဲ့ အသေးစိတ် လေ့လာဆန်းစစ်မှုများ လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့ကြကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ ယနေ့ (မေ ၉ ရက်) ညပိုင်းအထိ စာရင်းတွေအရ ဟောင်ကောင်မှာ COVID-19 ကူးစက်ခံရသူ ၁,၀၄၅ ဦး၊ သေဆုံးသူ ၄ ဦးနဲ့ ပြန်လည်သက်သာသူ ၁၃၀ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က