Ko John

ထိုင်းနိုင်ငံမှာ ဧပြီ ၂၅ ရက်နေ့က နွေရာသီမုန်တိုင်းတစ်ခုကြောင့် လေပြင်းများတိုက်ကာ မိုးသည်းထန်မှုနဲ့ မိုးသီးကြွေကျမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

(Photo: The Nation)

မုန်တိုင်းတိုက်မှုကြောင့် ဒွန်မောင်း (Don Muang)၊ Bang Khen, Sai Mai, Klong Sam Wa နဲ့ Lak Si ခရိုင်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ မိုးရွာသွန်းမှုတွေကို Pathum Thani, Chon Buri, Rayong နဲ့ Chachoengsao တို့မှာလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

ယမန်နေ့ မွန်းလွဲပိုင်းက မုန်တိုင်းတိုက်မှုကြောင့် ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ် ၁၈ ခုကျော် နှောင့်နှေးမှုဖြစ်ခဲ့ပြီး ခရီးသည် ၃,၀၀၀ လေဆိပ်မှာ သောင်တင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒွန်မောင်းလေဆိပ်မှာ ဆင်းသက်မယ့် လေယာဉ်တစ်စီးကို အနီးအနားရှိ သုဝဏ္ဏဘူမိလေဆိပ်သို့ လမ်းကြောင်းပြောင်းခဲ့ရပြီး နောက်ထပ် လေယာဉ်တစ်စီးကတော့ Tapao လေဆိပ်ကို နောက်ကြောင်းပြန်လှည့်ခဲ့ရပါတယ်။

(Photo: The Nation)

လေပြင်းများတိုက်မှုကြောင့် ဒွန်မောင်းလေဆိပ်ရှိ Lion Air လေကြောင်းလိုင်းမှ ရွှေ့ပြောင်းလှေခါးရွေ့သွားခဲ့ပြီး အနီးအနားမှာ ရပ်နားထားတဲ့ Nok Air လေကြောင်းလိုင်း လေယာဉ်တစ်စီးကို ထိခိုက်မိခဲ့ပါတယ်။ လှေခါးနဲ့ထိခိုက်မိခဲ့တဲ့ Nok Air လေယာဉ်ပေါ်မှ ခရီးသည် ၁၇၆ ဦးလုံးကို ပြန်ဆင်းစေခဲ့ပြီး နောက်ထပ် လေယာဉ်တစ်စီးဖြင့် အစားထိုးခဲ့ရပါတယ်။

ထိုဖြစ်ရပ်ကြောင့် Nok Air လေကြောင်းခရီးစဉ် မိနစ် ၉၀ အထိ နှောင့်နှေးခဲ့ကြောင်းလည်း သိရပါတယ်။ မုန်တိုင်းကြောင်း ဒွန်မောင်းလေဆိပ်မှာ ထွက်ခွာနဲ့ဆိုက်ရောက် လေကြောင်းခရီးစဉ်များ ယမန်နေ့ မွန်းလွဲ ၂ နာရီနဲ့ ၄ နာရီကြား နှောင့်နှေးမှုတွေဖြစ်ခဲ့ပါတယ်။


(Photo: The Nation)

Aeronautical Radio of Thailand ရဲ့ အဆိုအရ မုန်တိုင်းဟာ ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က ဖြတ်သန်းတိုက်ခတ်သွားခဲ့ပြီးနောက် မကြာမီအတွင်း ဒွန်မောင်းလေဆိပ် ဝန်ဆောင်မှုများ ပုံမှန်ပြန်လည်စတင်နိုင်ခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းတိုက်ခတ်စဉ်အတွင်း ဒွန်မောင်းလေဆိပ်မှ ထွက်ခွာမယ့် လေယာဉ်ဒါဇင်နဲ့ချီပြီး ပြေးလမ်းချော်နိုင်မှုကြောင့် စောင့်ဆိုင်းခဲ့ရသလို လေဆိပ်ကိုဆင်းသက်မယ့် လေယာဉ်တွေဟာလည်း အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ရန် လေထဲမှာပျံဝဲပြီး စောင့်ဆိုင်းနေခဲ့ကြရပါတယ်။

(Photo: The Nation)

မုန်တိုင်းကြောင့် လေပြင်းများတိုက်မှုကို Pathum Thani မှာလည်း ကြုံခဲ့ရပြီး အနောက်တိုင်းတက္ကသိုလ် (Western University) ရဲ့ ကွန်ကရစ်နံရံ ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ နံရံပြိုကျမှု အပျက်အစီးတွေကြောင့် တက္ကသိုလ်မှ ဝန်ထမ်းတွေနဲ့ ဆရာတွေရဲ့ ကားလေးစီးနဲ့ ဆိုင်ကယ်နှစ်စီး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး လူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။

ယနေ့ (ဧပြီ ၂၆ ရက်) မှာလည်း ဘန်ကောက်အပါအဝင် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း နေရာဒေသတွေမှာ နွေရာသီမုန်တိုင်းတိုက်မှု ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာနက ခန့်မှန်းထားကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က