အချိန်ကြာရှည်စွာ ပျောက်ဆုံးနေခဲ့တဲ့ Lewis စစ်တုရင်ရုပ် ဖြစ်ပါတယ်။

အလယ်ခေတ်ကာလ ၁၂ ရာစုမှာ ဖန်တီးပြုလုပ်ခဲ့ပြီး အချိန်ကြာရှည်စွာ ပျောက်ဆုံးနေခဲ့တဲ့ Lewis စစ်တုရင်ရုပ်တစ်ရုပ်ကို အမေရိကန်ဒေါ်လာ ၁.၃ သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။

(Photo: Sotheby's)

အဆိုပါ ရှေးခတ်စစ်တုရင်ရုပ်ကို စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ်မြို့ရှိ နေအိမ်တစ်အိမ်ရဲ့ အံဆွဲတစ်ခုထဲမှာ သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတယ်။ ပိုင်ရှင်တွေက စစ်တုရင်ရုပ်ဟာ အချိန်ကာလရှည်ကြာ ပျောက်ဆုံးနေခဲ့တဲ့ Lewis စစ်တုရင်ရုပ်များထဲမှ တစ်ရုပ်ဖြစ်ကြောင်းကို မသိခဲ့ကြဘူးလို့ ဆိုပါတယ်။

ယခု ဒေါ်လာတစ်သန်းကျော်ဖြင့် လေလံတင်ရောင်းချခဲ့ရတဲ့ Lewis စစ်တုရင်ရုပ်ကို အီဒင်ဘာ့ဂ်မြို့မှ မိသားစုရဲ့ အဘိုးဖြစ်သူ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူက ၁၉၆၄ ခုနှစ်အတွင်း ၆ ဒေါ်လာဖြင့် ဝယ်ယူခဲ့ပါတယ်။ စစ်တုရင်ရုပ်ကို လေလံတင်ရောင်းချခဲ့တဲ့ Soheby's ကုမ္ပဏီရဲ့ အဆိုအရ ယခု ဈေးနှုန်းဟာ အလယ်ခေတ် စစ်တုရင်ရုပ်တစ်ရုပ်ကို လေလံတင်ရာမှာ အမြင့်ဆုံးရရှိခဲ့တဲ့ ဈေးနှုန်းဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: Sotheby's)

အမြင့် ၃.၅ လက်မရှိ အဆိုပါ စစ်တုရင်ရုပ်ကို ပင်လယ်ဖျံကြီးရဲ့ အစွယ်ဖြင့်ပြုလုပ်ထားပြီး ၆ ဒေါ်လာဖြင့် ဝယ်ယူခဲ့တဲ့ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူက ၎င်းရဲ့မိသားစုကို ပေးထားခဲ့ပါတယ်။ ၎င်းတို့ကလည်း စစ်တုရင်ရုပ်ရဲ့ အရေးပါ တန်ဖိုးကြီးမှုကို မသိရှိကြဘဲ ၅၅ နှစ်ကြာ သိမ်းထားခဲ့ကြပါတယ်။

ထို့နောက်မှာတော့ အဆိုပါ မိသားစုက စစ်တုရင်ရုပ်ကို လန်ဒန်မြို့ရှိ Sotheby's လေလံကုမ္ပဏီထံ လေလံတင်ရောင်းချပေးရန် ယူဆောင်သွားခဲ့ရာမှ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ Lewis စစ်တုရင်ရုပ်ဖြစ်ကြောင်း သိရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ Lewis စစ်တုရင်ရုပ်တွေကို နော်ဝေနိုင်ငံဖြစ်ဖွယ်ရှိတဲ့ စကင်ဒီနေးဗီးယန်းဒေသမှာ ပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။

(Photo: Sotheby's)

Lewis စစ်တုရင်ရုပ်တွေကို စကော့တလန်နိုင်ငံ Isle of Lewis ကျွန်းပေါ် သဲများထဲမှ ၁၈၃၁ ခုနှစ်မှာ တွေ့ရှိခဲ့ရပြီး ကျန်ရှိနေတဲ့ စစ်တုရင်ငါးရုပ်ကတော့ ပဟေဠိဆန်ဆန် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ထိုစဉ်က တွေ့ရှိခဲ့ရတဲ့ Lewis စစ်တုရင်ရုပ်တွေကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ British Museum ပြတိုက်နဲ့ စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ်မြို့ရှိ National Museum of Scotland တို့မှာ ပြသထားပါတယ်။ British Museum မှာ စစ်တုရင်ရုပ် ၈၂ ရုပ်နဲ့ National Museum of Scotland မှာ ၁၁ ရုပ် ပြသထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က