အခြေခံ ဓာတ်အားခကို တစ်ယူနစ်လျှင် မြန်မာငွေ ၁၄၄ ကျပ်ဝန်းကျင် သတ်မှတ်ထားပါတယ်။

မလေးရှားနိုင်ငံမှာ လျှပ်စစ်ဓာတ်အားခနှုန်းထားများ အတိုးအလျှော့ကို ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် မူတည်ပြီး ခြောက်လတစ်ကြိမ် ပြင်ဆင်ပြောင်းလဲမှု ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

(TNB ဥက္ကဋ္ဌ Tan Sri Le Moggie) (Photo: The Star)

မလေးရှား လျှပ်စစ်ကုမ္ပဏီ Tenaga Nasional Bhd (TNB) က ၎င်းရဲ့ Imbalance Cost Pass-Through (ICPT) ခေါ် လုပ်ထုံးလုပ်နည်းအရ မီတာခ အတိုးအလျှော့ လုပ်ဆောင်ကြောင်းသိရပါတယ်။ TNB အနေနဲ့ ကျောက်မီးသွေးနဲ့ဂက်စ် နိုင်ငံတကာဈေးနှုန်းနဲ့ ကိုက်ညီစေရန်အတွက် လျှပ်စစ်ဓာတ်အားခတွေကို ချက်ချင်း လျှော့ချသွားဖွယ်မရှိကြောင်း New Straits Times သတင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖော်ပြထားပါတယ်။



TNB က ယခုနှစ် ဇွန်လအထိ လျှပ်စစ်ဓာတ်အားခနှုန်းထားကို သတ်မှတ်ထားပြီဖြစ်ကာ နောက်တစ်ကြိမ် သတ်မှတ်မှုကတော့ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ခြောက်လစာအတွက် ဖြစ်မယ်လို့လည်း သိရပါတယ်။ မလေးရှားအစိုးရ စွမ်းအင်ကော်မရှင်က ၂၀၁၈၊ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ် သုံးနှစ်အတွက် အခြေခံ လျှပ်စစ်ဓာတ်အားခကို တစ်ကီလိုဝပ် (တစ်ယူနစ်) လျှင် မလေးရှားဆင့်ငွေ ၃၉.၄၅ (၁ ရင်းဂစ် = ၁၀၀ ဆင့်) သတ်မှတ်ထားပါတယ်။

(TNB ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံတစ်ခု) (Photo: The Star)

TNB က အဆိုပါ အခြေခံ ဓာတ်အားခနှုန်းထားနဲ့ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်တို့ကို ICPT လုပ်ထုံးလုပ်နည်းသုံး တွက်ချက်ပြီး ခြောက်လတစ်ကြိမ် အတိုးအလျှော့ (အပိုကြေးယူမှု သို့မဟုတ် ပိုငွေပြန်အမ်းမှု) ပြုလုပ်တာဖြစ်ပါတယ်။ "TNB အနေနဲ့ဆိုရင် ဓာတ်အားခနှုန်းထားတွေကို နောက်တစ်ကြိမ် အချိန်သတ်မှတ်ထားတဲ့အထိ ဒီအတိုင်းပဲထားရှိမှာပါ" လို့ ဥက္ကဋ္ဌဖြစ်သူ Tan Sri Le Moggie က Perdana Leadership Foundation CEO Forum 2019 မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့စဉ် ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် မဟာသီယာက ကမ္ဘာ့ ကျောက်မီးသွေးနဲ့ဂက်စ်ဈေးနှုန်းများ ကျဆင်းမှုအရ လျှပ်စစ်ဓာတ်အားခတွေကို လျှော့ချသွားရန် အစိုးရက စဉ်းစားနေကြောင်း ပြောကြားမှုအပေါ် TNB ဥက္ကဋ္ဌက တုံ့ပြန်မှတ်ချက်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ ကျောက်မီးသွေးနဲ့ဂက်စ်ဈေးနှုန်းတွေ ကျဆင်းနေပေမဲ့လည်း လျှပ်စစ်ဓာတ်အားခနှုန်းထားဟာ စွမ်းအင်ကော်မရှင်ရဲ့ အခြေခံနှုန်းထားဖြစ်တဲ့ တစ်ယူနစ်လျှင် မလေးရှားဆင့်ငွေ ၃၉.၄၅ (မြန်မာကျပ်ငွေ ၁၄၄ ကျပ်ဝန်းကျင်) ရဲ့ အထက်မှာ ရှိနေဆဲဖြစ်တယ်လို့ Moggie ဝန်ခံခဲ့ပါတယ်။

(TNB လျှပ်စစ်ကုမ္ပဏီရုံးခန်းတစ်ခု) (Photo: Saw Siow Feng)

မလေးရှားအစိုးရ စွမ်းအင်ကော်မရှင်က လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဈေးနှုန်းကိုနှိုင်းယှဉ်ရန်အတွက် နိုင်ငံတကာ ကျောက်မီးသွေးနဲ့ဂက်စ်ဈေးနှုန်း အခြေအနေတွေကို ခြောက်လတစ်ကြိမ် ဆန်းစစ်လေ့လာကြောင်းလည်း သိရပါတယ်။ ထို့နောက် TNB က ၎င်းရဲ့ ICPT လုပ်ထုံးလုပ်နည်းအရ လျှပ်စစ်ဓာတ်အားခကို အပိုကြေး ထပ်ဆောင်းယူကာ တိုးမြှင့်ရန် သို့မဟုတ် ပိုလျှံနေတဲ့ ဓာတ်အားခငွေကို ပြန်အမ်းရန် ဆုံးဖြတ်လေ့ရှိပါတယ်။

"တစ်ကယ်လို့ ဓာတ်အားထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်က အခြေခံ ဓာတ်အားခနှုန်းထားထက် ပိုများနေရင် TNB က သုံးစွဲသူတွေဆီကနေ အပိုကြေးယူပါမယ်၊ တစ်ကယ်လို့ ထုတ်လုပ်မှုကုန်ကျစရိတ်က လျော့နည်းနေခဲ့ရင်လည်း ဓာတ်အားသုံးစွဲသူတွေက နောက်ခြောက်လအတွင်းမှာ ပြန်အမ်းငွေတွေကို ရရှိမှာဖြစ်ပါတယ်" လို့ Moggie က ရှင်းပြခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ ပြင်ဆင်သတ်မှတ်မှုကို အစိုးရကသာ တာဝန်ယူလုပ်ဆောင်ကြောင်းနဲ့ အစိုးရဲ့ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်ရန် TNB မှာ အခွင့်အာဏာ မရှိကြောင်းလည်း Moggie က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က