ဘိုရမ်ရဲ့ YouTube channel နှစ်ခုမှာ subscriber သန်း ၃၀ ကျော်ရှိနေပါတယ်။

အသက် ၆ နှစ်အရွယ်မျှသာရှိသေးတဲ့ တောင်ကိုရီးယား YouTube စတား မိန်းကလေးငယ် ဘိုရမ်က ဆိုးလ်မြို့ လူချမ်းသာရပ်ကွက်ဖြစ်တဲ့ ဂန်းနမ်းမှာ ငါးထပ်တိုက်တစ်လုံးကို အမေရိကန်ဒေါ်လာ ၈.၀၅ သန်း (ကိုရီးယားဝင်ငွေ ၉.၅ ဘီလီယံ) ဖြင့် ဝယ်ယူလိုက်တယ်လို့ဆိုပါတယ်။

(Photo: Boram Tube Vlog)

YouTube စတား ဘိုရမ်နဲ့ မိသားစုက ဂန်းနမ်းမှာ ငါးထပ်တိုက် ဝယ်ယူလိုက်တဲ့သတင်းကို Korea Herald, Korea Times နဲ့ Maeil Business Newspaper အပါအဝင် တောင်ကိုရီးယား မီဒီယာတွေက ဇူလိုင် ၂၃ ရက်မှာ စတင်ဖော်ပြခဲ့ကြရာ လူအများ အံ့အားသင့်ခဲ့ကြရပါတယ်။

အသက် ၆ နှစ်သာရှိသေးပေမဲ့ ဘိုရမ်က YouTube မှာ channel နှစ်ခုဖွင့်ကာ တင်ဆက်မှုတွေ ပြုလုပ်နေပြီး စုစုပေါင်း subscriber သန်း ၃၀ ကျော်ရှိနေပါတယ်။ ဘိုရမ်လေးရဲ့ Boram Tube Vlog channel မှာ subscriber ၁၇.၆ သန်းကျော်နဲ့ Boram Tube Toys Review channel မှာတော့ subscriber ၁၃.၆ သန်းကျော် ရှိတယ်လို့သိရပါတယ်။

(Photo: Korea Times)

ဘိုရမ်က ကိုရီးယား YouTube ဗီဒီယို ဖန်တီးတင်ဆက်နေသူတွေအနက် subscriber အများဆုံးသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ YouTube channel နှစ်ခုကနေ လစဉ်ဝင်ငွေ ခန့်မှန်းခြေအားဖြင့် ကိုရီးယားဝမ်ငွေ ၃.၇ ဘီလီယံ ရရှိနေတယ်လို့ Korea Times က ပြောပါတယ်။

ဘိုရမ်ရဲ့ YouTube channel တွေကို တာဝန်ယူဆောင်ရွက်နေတဲ့ Boram Family က ဂန်းနမ်းရပ်ကွက်ရှိ မြေဧရိယာ စတုရန်းပေ ၂,၇၈၀ ပေါ်မှာ ၁၉၇၅ ခုနှစ်က တည်ဆောက်ထားတဲ့ ငါးထပ်တိုက်ကို ယခုနှစ် ဧပြီ ၃ ရက်နေ့မှာ ဝယ်ယူခဲ့ကြောင်း နေ့စဉ်ထုတ် တောင်ကိုရီးယား စီးပွားရေးသတင်းစာ Maeil Business က ဖော်ပြပါတယ်။


(Photo: Boram Tube Vlog)

ဘိုရမ်နဲ့ သူမရဲ့မိသားစုက ယခု ငါးထပ်တိုက်ကို မည်သည့်အတွက် ဝယ်ယူခဲ့ကြောင်းကိုတော့ မသိရသေးကြောင်း တောင်ကိုရီးယားသတင်းတွေက ဆိုပါတယ်။ Boram ရဲ့ YouTube channel မှ တင်ဆက်ထားတဲ့ ဗီဒီယိုတွေအနက် ကြည့်ရှုမှုအကြိမ်ရေ သန်းရာနဲ့ချီတဲ့ ဗီဒီယိုတွေလည်း အများအပြားရှိနေပါတယ်။

YouTube စတား ဘိုရမ်လေးက ဆိုးလ်မြို့ရဲ့ လူချမ်းသာရပ်ကွက်မှာ ငါးထပ်တိုက် ဝယ်ယူလိုက်တဲ့ သတင်းကိုသိရှိခဲ့ရပြီးနောက် အင်တာနက်အသုံးပြုသူတွေက YouTube စတားဖြစ်ချင်တယ်လို့ ပြောခဲ့ကြပါတယ်။ အင်တာနက်အသုံးပြုသူတစ်ဦးကတော့ "ငါ့တစ်သက်လုံး ဒီလောက်များတဲ့ ပိုက်ဆံတွေ ရမှာမဟုတ်ဘူး" လို့ မှတ်ချက်ပြုခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က