မြို့ခံများ ကြောက်လန့်တကြား လမ်းမများပေါ် ထွက်ပြေးခဲ့ကြပါတယ်။
Ko John

ဂရိနိုင်ငံ အေသင်မြို့မှာ ရစ်ချ်တာစကေး ၅.၁ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့ (ဇူလိုင် ၁၉ ရက်) လှုပ်ခတ်ခဲ့ပြီး ဖုန်းလိုင်များနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: Alkis Konstantinidis/Reuters)

ငလျင်ဟာ ယနေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီဝန်းကျင်က အေသင်မြို့ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာ မြေအောက်အနက် ၈ မိုင်နေရာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ရဲ့ပြင်းအားကို ရစ်ချ်တာစကေး ၅.၁ ဖြစ်တယ်လို့ Greek Institute of Geodynamic က ပြောခဲ့ပြီး အမေရိကန် USGS (United Geological Survey) ဝက်ဘ်ဆိုက်မှာတော့ ရစ်ချ်တာစကေး ၅.၃ လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ငလျင်လှုပ်မှုကြောင့် ဒဏ်ရာအနည်းငယ်ရမှုရှိခဲ့ပြီး မြို့ခံများ ကြောက်လန့်တကြား လမ်းမများပေါ် ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ ငလျင်လှုပ်ပြီးနောက် တစ်နာရီနီးပါးအကြာမှာ ရစ်ချ်တာစကေး ၄.၃ အဆင့်ရှိ နောက်ထပ် ငလျင်တစ်ခု လှုပ်ခဲ့သေးကြောင်းလည်း သိရပါတယ်။ ငလျင်လှုပ်မှုအတွင်း မျက်နှာကြက်အင်္ဂတေကွာကျမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ပါတယ်။

(Photo: Reuters)

ငလျင်ကြောင့် အေသင်မြို့ရှိ လူမနေတဲ့ အဆောက်အအုံ နှစ်ခုထက်မနည်းမှာ ပြိုကျမှုတွေဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။ "တော်တော်ပြင်းတဲ့ ငလျင်ပဲ၊ ကျွန်မတို့ ကြောက်လန့်သွားခဲ့တယ်၊ လူတိုင်း အဆောက်အအုံအပြင် ပြေးထွက်ကြတာ" လို့ အထပ်ခြောက်ထပ်ပါ အလှကုန်စတိုးဆိုင်မှာ အလုပ်လုပ်တဲ့ ကတ်တာရီနာက ပြောပါတယ်။

သတင်းဌာနတွေက လူတွေ ပေးပို့လာတဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ကြရာ ငလျင်လှုပ်မှုအတွင်း အင်္ဂတေကွာကျမှုတွေကြောင့် အေသင်မြို့လယ်မှာ ရပ်ထားတဲ့ကားများ ပျက်စီးမှုဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ "အပြင်းအထန် ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး" လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် Stelios Petsas က ပြောပါတယ်။ ငလျင်ကြောင့် အဆောက်အအုံ အရေအတွက် အနည်းငယ်မှာ အသေးစားပျက်စီးမှု ဖြစ်ခဲ့ကြောင်းလည်း ၎င်းကဆိုပါတယ်။

(Photo: Petros Giannakouris/AP)

ယခုငလျင်ရဲ့ဗဟိုချက်ဟာ ၁၉၉၉ ခုနှစ်က အေသင်မြို့အနီး ရစ်ချ်တာစကေး ၅.၉ အဆင့်ရှိ ငလျင်လှုပ်ခဲ့တဲ့ နေရာနဲ့နီးကပ်ပါတယ်။ ၁၉၉၉ ခုနှစ် အေသင်မြို့အနီး ငလျင်ကြောင့် လူ ၁၄၃ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လကလည်း ရစ်ချ်တာစကေး ၆.၇ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်မှုကြောင့် အေသင်မြို့ဧရိယာအတွင်း Kos ကျွန်းမှာ လူနှစ်ဦး သေဆုံးခဲ့ပြီး အပျက်အစီးတွေ သိသိသာသာ ဖြစ်ခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က