ဥရောပမှာ COVID-19 ကူးစက်မှုအသစ်များ အပတ်စဥ်တွေ့ရှိရမှု ပထမဆုံးအကြိမ် ပြန်လည် မြင့်တက်လာပါတယ်။

ဥရောပမှာ နိုင်ငံတွေက ပိတ်ပင်ကန့်သတ်ချက်များ စတင်ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း COVID-19 ကူးစက်မှုအသစ်များ အပတ်စဥ်တွေ့ရှိရမှု ပထမဆုံးအကြိမ် ပြန်လည် မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ပြောပါတယ်။

(Photo: PA Media)

ဥရောပရှိ နိုင်ငံ ၁၃ ခုမှာ COVID-19 ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာတာ တွေ့ခဲ့ရပြီး ၎င်းတို့အနက် အာမေးနီးယား၊ ဆွီဒင်၊ မော်လ်ဒိုဗာနဲ့ မြောက်မက်ဆီဒိုးနီးယားတို့ အပါအဝင် ဥရောပနိုင်ငံ ၁၁ ခုမှာ ကူးစက်မှုတွေ သိသိသာသာ ပြန်လည် မြင့်တက်ခဲ့ကြောင်း WHO ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Hans Henri Kluge က ဆိုပါတယ်။



ကူးစက်မှု ပြန်လည်မြင့်တက်မှုအန္တရာယ်ဟာ လက်တွေ့ဖြစ်လာကြောင်း ၎င်းက သတိပေးခဲ့ပါတယ်။ "ပြီးခဲ့တဲ့ သီတင်းပတ်က ဥရောပမှာ အပတ်စဥ်အလိုက် COVID-19 ကူးစက်မှုအသစ်တွေ လပိုင်းအတွင်း ပထမဆုံးအကြိမ် ပြန်မြင့်တက်လာတာ တွေ့ခဲ့ရတယ်" လို့ Hans Henri Kluge က သတင်းထောက်တွေကို ပြောပါတယ်။

(Photo: AFP)

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျာမနီမှာလည်း ပိတ်ပင်ကန့်သတ်ချက်များ စတင်ဖြေလျှော့ပေးခဲ့ပြီးနောက် ကူးစက်မှုအများအပြား ပြန်တွေ့လာရပါတယ်။ ဂျာမနီမှာ အသားထုတ်စက်ရုံတစ်ရုံရှိ အလုပ်သမား ၁,၅၀၀ ကျော်မှာ COVID-19 ကူးစက်မှုတွေ တွေ့လာရပြီးနောက် ထိုစက်ရုံတည်ရှိရာ ခရိုင်နဲ့ အနီးအနားရှိ နောက်ထပ် ခရိုင်တစ်ခုတို့ကို lockdown ပြန်လုပ်ထားရကြောင်း သိရပါတယ်။ ဂျာမနီမှာ lockdown ပြန်လုပ်ထားတဲ့ ခရိုင်နှစ်ခုမှာ လူဦးရေ ၆၀၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

(Photo: AFP)

ထို့အတူ ပေါ်တူဂီနိုင်ငံကလည်း ၎င်းရဲ့မြို့တော်နဲ့ အနီးတစ်ဝိုက်မှာ ဇွန် ၂၃ ရက်မှစပြီး ပိတ်ပင်ကန့်သတ်ချက်များ ပြန်လည် ထုတ်ပြန်ထားပါတယ်။ ဥရောပမှာ COVID-19 ကူးစက်မှုဟာ ယခုနှစ်အစပိုင်းကထက် လျော့ကျသွားခဲ့ပြီး ကူးစက်မှုဗဟိုချက်ဟာ အမေရိကမှာ ဖြစ်နေကြောင်း Hans Henri Kluge က မှတ်ချက်ပြုခဲ့ပါတယ်။ သို့သော် ဥရောပတစ်ဝှမ်းမှာ ကူးစက်မှုအသစ် ၂၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၇၀၀ ကျော် နေ့စဥ် ရှိနေဆဲဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ 

Source: AFP, BBC

Share

Loading Next Article...
က္က