ပြီးခဲ့တဲ့ သီတင်းပတ်တစ်ခုတည်းမှာပင် ကူးစက်မှု ၃၀၀,၀၀၀ တိုးလာခဲ့ပါတယ်။

ဥရောပတစ်လွှားမှာ COVID-19 ကူးစက်မှု ကိန်းဂဏန်းများ မြင့်တက်နေမှုဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက သတိပေးလိုက်ပါတယ်။

(Photo: AFP)

WHO ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge ရဲ့ ပြောကြားမှုအရ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဥရောပနိုင်ငံ ထက်ဝက်ကျော်မှာ ကူးစက်မှုအသစ် ကိန်းဂဏန်းတွေဟာ နှစ်ဆဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဥရောပမှာ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၅၄,၀၀၀ ခန့် တိုးလာခဲ့ပြီး အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။



"ဒီကူးစက်မှုအရေအတွက် ကိန်းဂဏန်းတွေက ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုတွေကြောင့် တွေ့လာရတာဖြစ်ပေမဲ့ ဒေသတွင်းမှာ စိုးရိမ်စရာကောင်းတဲ့ ကူးစက်ပျံ့နှံ့နှုန်းတွေလည်း ဖြစ်ပါတယ်" လို့ ကိုပင်ဟေဂင်မြို့ကနေ ပြုလုပ်ခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(Photo: EPA)

ဥရောပတစ်လွှား ပြီးခဲ့တဲ့ သီတင်းပတ်တစ်ခုတည်းမှာပင် COVID-19 ကူးစက်မှု ၃၀၀,၀၀၀ တိုးလာခဲ့ပြီး ထိုအရေအတွက်ဟာ မတ်လအတွင်း ပထမအကြိမ် ကူးစက်မှုအထွတ်အထိပ်ဖြစ်ခဲ့စဥ်ကထက် ကျော်လွန်များပြားခဲ့ကြောင်း Hans Kluge က ထောက်ပြပါတယ်။ ဥရောပမှာ COVID-19 ကြောင့် ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုတွေကတော့ မြင့်တက်ခဲ့ခြင်းမရှိပါဘူး။

သို့သော် ဥရောပရှိ စပိန်နဲ့ ပြင်သစ် နိုင်ငံတွေမှာတော့ ဆေးရုံတက်ရမှုနဲ့ သေဆုံးမှုတွေ မြင့်တက်မှုကို ဦးတည်နေတယ်လို့ ဆိုပါတယ်။ WHO ရဲ့ အချက်အလက်တွေအရ ဥရောပမှာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားစဥ်မှ ယခုလက်ရှိအချိန်အထိ အတည်ပြုလူနာ ၅ သန်း စစ်ဆေးတွေ့ရှိခဲ့ရပြီး သေဆုံးသူ ၂၂၈,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်သတင်းတစ်ရပ်အရ COVID-19 ကူးစက်မှုထိန်းချုပ်ရေး ဆောင်ရွက်ရာမှာ ကူးစက်ခံထားရနိုင်ကြောင်း သံသယရှိသူတွေကို အသွားအလာကန့်သတ် စောင့်ကြည့်မှုကာလကို ၁၄ ရက်ထက် မလျော့ချရန်လည်း WHO က တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကပ်ရောဂါဟာ လက်ရှိအချိန်အထိ ၉ လအတွင်း ကမ္ဘာ့လူဦးရေ သန်း ၃၀ ကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၉၅၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကပ်ရောဂါ ကူးစက်ခံပြီး ပြန်လည်သက်သာလာသူ လက်ရှိအချိန်အထိ ၂၂ သန်းကျော်ရှိခဲ့ရာ ဆေးကုသမှုခံယူနေရဆဲ အတည်ပြုလူနာ ၈ သန်းကျော်ရှိနေတာ ဖြစ်ပါတယ်။

ဥရောပနိုင်ငံအချို့မှ ကူးစက်မှုအသစ်များ

ဗြိတိန်မှာ မေလလယ်နောက်ပိုင်း နေ့စဥ် ကူးစက်မှုအသစ် အမြင့်ဆုံး ပြန်ဖြစ်လာခဲ့တာ တွေ့ရပါတယ်။ ကူးစက်မှုတွေ မြင့်တက်နေမှုကြောင့် အင်္ဂလန်မှာ သွားလာလှုပ်ရှားမှု စည်းမျဥ်းကန့်သတ်ချက်အသစ်များ စက်တင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ထိုအတောအတွင်း ပြင်သစ်နိုင်ငံမှာ စက်တင်ဘာ ၁၇ ရက်နေ့ ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၀,၅၉၃ ဦး တိုးလာခဲ့ပြီး ကပ်ရောဂါစတင်ချိန်မှစပြီး နေ့အလိုက် ကူးစက်မှုအသစ် အရေအတွက် အမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။ စပိန်မှာ ဗုဒ္ဓဟူး‌နေ့ (စက်တင်ဘာ ၁၆ ရက်) က COVID-19 ကြောင့် သေဆုံးသူ ၂၃၉ ဦးအထိ တိုးလာခဲ့ပြီး ဇွန်လနောက်ပိုင်း အများဆုံးဖြစ်ကြောင်း သိရပါတယ်။

(Photo: Reuters)

ကူးစက်မှုအသစ် အများအပြားကို စပိန်ရဲ့မြို့တော် မက်ဒရစ်မြို့မှာ တွေ့ရှိခဲ့ရပြီး ထိုမြို့မှာ lockdown အစီအမံများ သတ်မှတ်ဆောင်ရွက်ရန် အာဏာပိုင်တွေက စီစဥ်နေပါတယ်။ ဥရောပရှိ ချက်ရီပတ်ဘလစ်နိုင်ငံမှာလည်း ပထမဆုံးအကြိမ်အဖြစ် နေ့အလိုက် COVID-19 ကူးစက်မှုအသစ် ၂,၀၀၀ ကျော် တွေ့ရှိလာရတယ်လို့ ဆိုပါတယ်။

နောက်ထပ် ကူးစက်မှုတွေ မြင့်တက်လာခြင်းကို ကာကွယ်တားဆီးရေး ပြည်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်မျဥ်းများအတိုင်း လိုက်နာကြရန် ချက်ရီပတ်ဘလစ် ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ နေ့အလိုက် ကူးစက်မှုအသစ်တွေဟာ ဥရောပမှ နယ်သာလန်နိုင်ငံမှာလည်း အမြင့်ဆုံးဖြစ်လာခဲ့ရာ အစိုးရက ကူးစက်မှုထိန်းချုပ်ရန် စီမံဆောင်ရွက်ချက်အသစ်တွေကို ယနေ့ (စက်တင်ဘာ ၁၈) ထုတ်ပြန်ကြေညာဖွယ်ရှိကြောင်း BBC သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က