ဆာဟာရမှ လေပူများဝင်ရောက်လာမှုကြောင့် ဥရောပမှာ အပူချိန်မြင့်တက်နေပါတယ်။

ပြင်သစ်နိုင်ငံမှာ အပူလှိုင်းကြောင့် ဒါဇင်နဲ့ချီတဲ့ စာသင်ကျောင်းတွေကို စတင်ပိတ်ပင်နေပြီဖြစ်ပြီး နေရာဒေသအချို့ရဲ့ အပူချိန်ဟာ ယနေ့ (ဇွန် ၂၇ ရက်) မှာ ၄၀ ဒီဂရီဆဲလ်စီးယပ်အထက်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

(Photo: AFP)

ပါရီမြို့တောင်ဘက် Essonne ဒေသရှိ စာသင်ကျောင်း ၅၀ ကို လုံလောက်တဲ့ လေအေးပေးစနစ်မရှိတာကြောင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ထို့အတူ ဇွန်လ ၂၇ ရက်မှာလည်း ပါရီအနီးရှိ Val-de-Marne နဲ့ Seine-et-Marne ဒေသတွေမှာ စာသင်ကျောင်းများ ပိတ်ပင်သွားမယ်လို့ ပြင်သစ်သတင်းဌာန BFMTV က ပြောပါတယ်။ ပြင်သစ်မှာ အပူချိန်မြင့်တက်နေစဉ် ရေဆင်းကူးသူသုံးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။



ဆာဟာရသဲကန္တရာမှ လေပူများဝင်ရောက်လာမှုကြောင့် ဥရောပမှာ အပူချိန်များ မြင့်တက်မှုကြုံနေရပြီး ဂျာမနီ၊ ချက်ရီပတ်ဘလစ်နဲ့ ပိုလန်နိုင်ငံတို့မှာ ဇွန်လအတွက် အပူချိန်များ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၆ ရက်) မှာ အမြင့်ဆုံးစံချိန်သစ်တင်ခဲ့ပါတယ်။ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း နေရာဒေသတွေမှာလည်း အပူချိန်ဟာ သောကြာနေ့ (ဇွန် ၂၈ ရက်) မှာ ၄၅ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

(Photo: EPA)

ဆွစ်ဇာလန်နိုင်ငံမှာလည်း အပူချိန်မြင့်တက်မှုတွေ ဖြစ်ပေါ်နေပေမဲ့ လုပ်ငန်းခွင်ဝင်နေရတဲ့ မိဘတွေက ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ရန် မလွယ်ကူနိုင်တာကြောင့် စာသင်ကျောင်းတွေကို ဆက်လက်ဖွင့်ထားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့နဲ့ လိုင်ယွန်မြို့တို့မှာ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၆ ရက်) မှစပြီး မီးခိုးထွက်မှုအနည်းဆုံး ကားတွေကိုသာ လမ်းများပေါ် မောင်းနှင်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ ပါရီမြို့ဟာ ပူပြင်းတဲ့ရာသီမှာ မီးခိုးမြူများ အဓိက ဖြစ်ပေါ်လေ့ရှိပါတယ်။

(Photo: EPA)

ပါရီမြို့ခံ ကားပိုင်ရှင်တွေကိုလည်း အခမဲ့ ကားရပ်နားခွင့်ပြုထားပြီး ကိုယ်ပိုင်ကားများအစား အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုရန် တိုက်တွန်းထားပါတယ်။ ပြင်သစ်မှာ အဆိုးရွားဆုံး အပူလှိုင်းကျရောက်မှုကို ၂၀၀၃ ခုနှစ်အတွင်း ကြုံခဲ့ဖူးပြီး ထိုစဉ်က အပူဒဏ်ကြောင့် လူဦးရေ ၁၅,၀၀၀ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိမှာ ပြင်သစ်တစ်နိုင်ငံလုံး အပူဒဏ်အန္တရာယ် သတိပေးချက်ကို ဒုတိယအမြင့်ဆုံးဖြစ်တဲ့ လိမ္မော်ရောင်အဆင့် ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။

(Photo: EPA)

စပိန်မိုးလေဝသဌာနက အပူချိန်အခြေအနေရာမှာ စပိန်နိုင်ငံနေရာဟာ နီညိုရင့်အရောင်ပြောင်းနေတဲ့ မြေပုံကိုတင်ခဲ့ပြီး 'ငရဲကျတော့မယ်' လို့ ရေးသားခဲ့ပါတယ်။ အပူလှိုင်းဖြစ်ပေါ်ခြင်းဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်နွယ်နေကြောင်း ကျွမ်းကျင်သူတွေက ပြောထားပြီး ကမ္ဘာတစ်ဝှမ်း အပူချိန်ဟာ စက်မှုလုပ်ငန်းထွန်းကားလာပြီးနောက် ၁ ဒီဂရီဆဲလ်စီးယပ် မြင့်တက်နေခဲ့ပြီး ဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က