Ko John

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ နေရာသုံးခုမှာ စုစုပေါင်း ဗုံးခြောက်လုံး ယနေ့ (သြဂုတ် ၂ ရက်) ပေါက်ကဲခဲ့ပြီး လူလေးဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တဲ့ ဘန်ကောက်မှာ အရှေတောင်အာရှလုံခြုံရေး အစည်းအဝေးကျင်းပနေပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့မှ ထိပ်တန်းသံတမန်တွေလည်း တက်ရောက်ကြကြောင်း သိရပါတယ်။ ဘန်ကောက်မှာ နောက်ထပ် ဗုံးတစ်လုံးကိုလည်း မပေါက်ကွဲမီ တွေ့ရှိရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

Chaeng Wattana ရှိ အစိုးရအဆောက်အအုံများ တည်ရှိရာနေရာမှာ ဗုံးသုံးလုံးပေါက်ကွဲခဲ့ကြောင်းနဲ့ တစ်လုံးကတော့ မပေါက်ကွဲခဲ့ကြောင်း ရဲအရာရှိ Kamtorn Uicharoen က ပြောပါတယ်။ Chong Nonsi မှာလည်း နောက်ထပ် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး အဆိုပါ နေရာနှစ်ခုမှ ဗုံးများအားလုံးဟာ ချိန်ကိုက်ဗုံးများဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: AFP)

ဘန်ကောက်မြို့လယ်အနီး နေရာတစ်ခုမှာလည်း ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် လူလေးဦး ဒဏ်ရာရခဲ့ပေမဲ့ ဒဏ်ရာမပြင်းထန်ခဲ့ကြောင်းနဲ့ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း Erawan Medical Center က ပြောပါတယ်။ ဒဏ်ရာရခဲ့သူတွေအနက် သုံးဦးဟာ ဗုံးပေါက်ကွဲစဉ် လမ်းသန့်ရှင်းရေး လုပ်နေကြတဲ့ အမျိုးသမီးသုံးဦး ဖြစ်ပါတယ်။

ပေါက်ကွဲခဲ့တဲ့ ဗုံးတွေဟာ 'ပင်ပေါင်ဗုံး' လို့ ခေါ်ဝေါ်ကြတဲ့ တင်းနစ်ဘောလုံးအရွယ် ဗုံးများဖြစ်တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုကြောင့် Chong Nonsi BTS Skytrain ဘူတာရုံရှိ မှန်များကွဲသွားခဲ့ကြောင်း Bangkok Post သတင်းက ပြောပါတယ်။

(Photo: ViralPress)

အဆိုပါ ဘူတာရုံရဲ့ ထွက်ပေါက်နှစ်ခုထက်မနည်းကို ပိတ်ထားခဲ့တယ်လို့လည်း Bangkok Post က ဆိုပါတယ်။ ယခု ဗုံးပေါက်ကွဲမှုတွေဟာ အရှေ့တောင်အာရှ လုံခြုံရေးအစည်းအဝေး လက်ခံကျင်းပနေတဲ့ ထိုင်းအစိုးရကို အရှက်ရစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူအများအပြား သေဆုံးဒဏ်ရာရစေရန် ရည်ရွယ်ထားပုံမရကြောင်း သိရပါတယ်။

(Photo: AFP)

ဘန်ကောက်မြို့ရှိ အရှေ့တောင်အာရှ လုံခြုံရေးအစည်းအဝေး ကျင်းပတဲ့နေရာအနီးမှာ ယမန်နေ့ (ဇူလိုင် ၃၁ ရက်) ကလည်း ဗုံးအတုနှစ်လုံးကို တွေ့ရှိခဲ့ရပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဗုံးခွဲခဲ့သူတွေကို ရှုတ်ချလိုက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် ညွန်ကြားထားပါတယ်။

ယနေ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုမှု မရှိသေးပါဘူး။ နောက်ဆက်တွဲသတင်းအရ ယနေ့ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ဆက်စပ်ပြီး ပုန်ကုန်မှုတွေဖြစ်နေတဲ့ ထိုင်းတောင်ပိုင်းမှ အမျိုးသားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က