အစားအစာနဲ့ ပါဆယ်ပို့ဆောင်တဲ့ ဝန်ထမ်းအားလုံးကို ဗိုင်းရပ်စ်ရှိ မရှိ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
Ko John

လတ်တ‌လော ရက်ပိုင်းအတွင်း COVID-19 ကူးစက်မှုအသစ်တွေ ပြန်တွေ့လာရတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တာဝန်ရှိသူတွေက အစားအစာနဲ့ ပါဆယ်ပို့ဆောင်သူ ဝန်ထမ်းအားလုံးကို ဗိုင်းရပ်စ်ရှိ မရှိ စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အစိုးရသတင်းဌာန Beijing News က ဇွန် ၂၀ ရက်နေ့မှာ ဖော်ပြပါတယ်။

(Photo: Reuters)

တာဝန်ရှိသူတွေက အစားအစာ လက်ကားဈေးကြီးတစ်ခုနဲ့ ဆက်နွယ်နေတဲ့ ကူးစက်မှုအသစ်များ တွေ့ရှိလာရပြီးနောက်ပိုင်း ဘေဂျင်းတာဝန်ရှိသူတွေက မြို့ရဲ့ လူဦးရေ သန်း ၂၀ ကျော်ကို ဗိုင်းရပ်စ်စစ်ဆေးမှု တိုးချဲ့လုပ်ဆောင်နေခဲ့တယ်လို့ ဆိုပါတယ်။ ဘေဂျင်းမှာ ယခု ပြန်တွေ့လာရတဲ့ COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအစောပိုင်း ကူးစက်မှုတွေ အမြင့်ဆုံး ဖြစ်ပွားခဲ့ချိန်ကထက် ပိုမိုကျော်လွန် များပြားလာခဲ့ကြောင်းလည်း သိရပါတယ်။

COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ် (SARS-CoV-2) စစ်ဆေးမှုကို ကနဦးအနေနဲ့ ကူးစက်မှု အစုအဝေးတွေ့ရှိခဲ့ရတဲ့ Xinfadi လက်ကားဈေးအနီး နေထိုင်ကြတဲ့ မြို့ခံတွေနဲ့ ထိုဈေးမှာ အလုပ်လုပ်သူတွေ သို့မဟုတ် ဈေးဝယ်ခဲ့သူတွေမှာ ပြုလုပ်ခဲ့ပါတယ်။

(Photo: Reuters)

ယခုအခါမှာတော့ တာဝန်ရှိသူတွေက ဘေဂျင်းမြို့တစ်ခွင် ပုံမှန်သွားလာနေကြတဲ့ ထောင်သောင်းချီအရေအတွက်ရှိ အစားအစာနဲ့ ပါဆယ်ပစ္စည်းပို့ဆောင်သူ ဝန်ထမ်းတွေကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ပါဆယ်ပို့ဆောင်ရေးကုမ္ပဏီ SF Express မှ ဝန်ထမ်းတွေဟာ သောကြာနေ့ (ဇွန် ၁၉ ရက်) က ဘေဂျင်းမြို့ရှိ ဗိုင်းရပ်စ်စစ်ဆေးရေး နေရာတွေကို အသုတ်လိုက် ရောက်ရှိလာခဲ့ကြကြောင်း Beijing News က ပြောပါတယ်။

ထို့အတူ အစားအစာပို့ဆောင်ရေးကုမ္ပဏီ Meituan Dianping ကလည်း ဘေဂျင်းရှိ ၎င်းရဲ့ဝန်ထမ်းများ ဗိုင်းရပ်စစ်စစ်ဆေးခံမှာဖြစ်ကြောင်းနဲ့ ကူးစက်မှုအန္တရာယ်မြင့်မားတဲ့ နယ်မြေတွေမှာ ပို့ဆောင်ရေးလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို ယာယီ တာဝန်ရပ်ဆိုင်းထားပြီး ၁၄ ရက်ကြာ နေအိမ်မှာ အသွားအလာ ကန့်သတ်နေထိုင်စေမယ်လို့ အတည်ပြုခဲ့ပါတယ်။

(Photo: Reuters)

၎င်းတို့ရဲ့ အစားအစာပို့ဆောင်တဲ့ ဝန်ဆောင်မှုကို အသုံးပြုသူတွေအနေနဲ့ ပါဆယ်ထုပ်တွေကို ပိုးမွှားသန့်စင်မှု အသေးစိတ်နဲ့ ပါဆယ်ပို့ဝန်ထမ်းရဲ့ ကိုယ်အပူချိန်တို့ကို အွန်လိုင်းကနေ ကြည့်ရှုနိုင်မယ်လို့လည်း Meituan Dianping က Wechat အကောင့်မှာ ပြောထားပါတယ်။ Beijing News ရဲ့ အဆိုအရ ဘေဂျင်းမြို့မှာ အစားအစာနဲ့ ပါဆယ်ပို့ဆောင်သူ ဝန်ထမ်းအားလုံး လာမယ့် သီတင်းပတ်မှာ ဗိုင်းရပ်စ်စစ်ဆေးခံရမယ်လို့ သိရပါတယ်။

ဘေဂျင်းမြို့မှာ ယနေ့ (ဇွန် ၂၁ ရက်) မနက် ၆ နာရီအထိ ဗိုင်ရပ်စ်စစ်ဆေးမှု (nucleic acid test) လုပ်ဆောင်ပြီးသူ ၂.၃ သန်းရှိကြောင်း တာဝန်ရှိသူ Zhang Qiang က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဘေဂျင်းမှာ ဇွန် ၁၁ ရက်မှစပြီး COVID-19 ကူးစက်မှုအသစ်များ ပြန်တွေ့လာရပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

(Photo: Reuters)

ဗိုင်းရပ်စ်ကို Xinfadi လက်ကားဈေးအတွင်း ပြည်ပမှတင်သွင်းလာတဲ့ ဆော်လ်မွန်ငါးတွေကို ကိုင်တွယ်ပြင်ဆင်ရာမှာ အသုံးပြုတဲ့ စဥ့်နှီတုံးတွေပေါ်မှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ COVID-19 ကူးစက်မှုအသစ်တွေ ပြန်တွေ့လာရမှုကြောင့် ဘေဂျင်းရဲ့ လူနေရပ်ကွက် ၄၀ ကို lockdown လုပ်ထားပြီး မြို့ခံတွေကို ခရီးသွားလာမှု ကန့်သတ်ထားကာ ကျောင်းများပိတ်ထားကြောင်းလည်း သိရပါတယ်။

COVID-19 ကပ်ရောဂါဖြစ်ပွားမှုဟာ မကြုံစဖူး အန္တရာယ်ကြီးတဲ့ အဆင့်သစ်ဖြစ်လာကြောင်းနဲ့ ကူးစက်မှုအရှိန်မြင့်နေပြီး ဇွန် ၁၈ ရက်နေ့က ကူးစက်ခံရသူအသစ် ၁၅၀,၀၀၀ အထိ စံချိန်တင် အများဆုံးတွေ့ခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေး ပြောကြားခဲ့ပါတယ်။

(Photo: Reuters)

WHO က ကူးစက်မြန် ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ ၈.၈ သန်းကျော်၊ သေဆုံးသူ ၄၆၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၆ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က