COVID-19 တစ်ကျော့ပြန် ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရေး ဘေဂျင်းမြို့တစ်ဝှမ်းမှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ယခုလအတွင်း ကပ်ရောဂါကူးစက်မှုအသစ်များ ပြန်တွေ့လာရတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တစ်ရက်လျှင် လူဦးရေ ၁ သန်းနီးပါးကို COVID-19 စစ်ဆေးနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ယနေ့ (ဇွန် ၂၁ ရက်) ပြောပါတယ်။

(Photo: Reuters)

COVID-19 တစ်ကျော့ပြန် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရေးအတွက် ဘေဂျင်းမြို့တစ်ဝှမ်းမှာ စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။ လွန်ခဲ့တဲ့ သီတင်းတစ်ပတ်ကျော်က Xinfadi အစားအစာ လက်ကားဈေးကြီးနဲ့ ဆက်နွယ်နေတဲ့ COVID-19 ကူးစက်မှုအစုအဝေး တွေ့ရှိရပြီးနောက် ဘေဂျင်းမြို့ရှိ လူဦးရေ သန်း ၂၀ လုံးကို COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရှိ မရှိ တိုးချဲ့စစ်ဆေးနေခဲ့ပါတယ်။



ဘေဂျင်းမှာ ယခု ပြန်တွေ့လာရတဲ့ COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအစောပိုင်း ကူးစက်မှုတွေ အမြင့်ဆုံး ဖြစ်ပွားခဲ့ချိန်ကထက် ပိုမိုကျော်လွန် များပြားလာခဲ့ကြောင်းလည်း သိရပါတယ်။ ဗိုင်းရပ်စ်စစ်ဆေးမှုကို ကနဦးအနေနဲ့ Xinfadi လက်ကားဈေးအနီး နေထိုင်ကြတဲ့ မြို့ခံတွေနဲ့ ထိုဈေးမှာ အလုပ်လုပ်သူတွေ သို့မဟုတ် ဈေးဝယ်ခဲ့သူတွေမှာ ပြုလုပ်ခဲ့ပါတယ်။

(Photo: Reuters)

ယခုအခါမှာတော့ တာဝန်ရှိသူတွေက ဘေဂျင်းမြို့တစ်ခွင် ပုံမှန်သွားလာနေကြတဲ့ ထောင်သောင်းချီအရေအတွက်ရှိ အစားအစာနဲ့ ပါဆယ်ပစ္စည်းပို့ဆောင်သူ ဝန်ထမ်းတွေကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး လက်ရှိအချိန်အထိ ဘေဂျင်းမြို့တစ်ဝှမ်း နေရာ ၁၂၄ ခုမှာ နေ့စဥ် ဗိုင်းရပ်စ်စစ်ဆေးမှု ၂၃၀,၀၀၀ ကျော် လုပ်ဆောင်နေခဲ့ကြောင်း ဘေဂျင်းမြို့ ကျန်းမာရေးကော်မရှင် ပြောခွင့်ရအမျိုးသား Gao Xiaoju က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ဗိုင်းရပ်စ်ကို Xinfadi လက်ကားဈေးအတွင်း ပြည်ပမှတင်သွင်းလာတဲ့ ဆော်လ်မွန်ငါးတွေကို ကိုင်တွယ်ပြင်ဆင်ရာမှာ အသုံးပြုတဲ့ စဥ့်နှီတုံးတွေပေါ်မှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ COVID-19 ကူးစက်မှုအသစ်တွေ ပြန်တွေ့လာရမှုကြောင့် ဘေဂျင်းရဲ့ လူနေရပ်ကွက် ၄၀ ကို lockdown လုပ်ထားပြီး မြို့ခံတွေကို ခရီးသွားလာမှု ကန့်သတ်ထားကာ ကျောင်းများပိတ်ထားကြောင်းလည်း သိရပါတယ်။

(Photo: Reuters)

WHO က ကူးစက်မြန် ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာထားတဲ့ COVID-19 ကို ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ ၈.၉ သန်းကျော်၊ သေဆုံးသူ ၄၆၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၆ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။

COVID-19 ကပ်ရောဂါဖြစ်ပွားမှုဟာ မကြုံစဖူး အန္တရာယ်ကြီးတဲ့ အဆင့်သစ်ဖြစ်လာကြောင်းနဲ့ ကူးစက်မှုအရှိန်မြင့်နေပြီး ဇွန် ၁၈ ရက်နေ့က ကူးစက်ခံရသူအသစ် ၁၅၀,၀၀၀ အထိ စံချိန်တင် အများဆုံးတွေ့ခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေး ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က