ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
Ko John

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ အမေရိကန်သံရုံးအပြင်ဘက်မှာ အသေးစား ပေါက်ကွဲတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်သံရုံး အပြင်ဘက်မှာ ယနေ့ (ဇူလိုင် ၂၆ ရက်) ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ မီးရှူးမီးပန်း သို့မဟုတ် ဗြောက်အိုး ပေါက်ကွဲမှုဖြစ်တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

china-embassy.jpg

Photo: Weibo



ဘေဂျင်းမြို့ရှိ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ သံရုံးဝင်းအပြင်ဘက် အရှေ့တောင်ဘက်ထောင့်နေရာမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ပေါက်ကွဲမှုအတွင်း ဖောက်ခွဲတိုက်ခိုက်ခဲ့သူရဲ့လက်မှာ ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနဲ့ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း သိရပါတယ်။ ပေါက်ကွဲမှုကြောင့် အခြား ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရပါတယ်။

ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ကြတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေအရ ဘေဂျင်းမြို့လယ်ရှိ အမေရိကန်သံရုံးအပြင်ဘက် ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ မီးခိုးများထူထပ်စွာ ထွက်ပေါ်နေပြီး လူအများ စုရုံးရောက်ရှိနေတာ တွေ့ရပါတယ်။

_102695256_048347533-1.jpg

Photo: Reuters



ဖောက်ခွဲတိုက်ခိုက်ခဲ့သူဟာ မွန်ဂိုလီးယားအတွင်းပိုင်းဒေသမှ Jiang Moumou အမည်ရှိသူ ဖြစ်တယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် အမေရိကန်သံရုံးရဲ့ ပုံမှန်လုပ်ငန်းများ ပြန်လည် လုပ်ဆောင်နေကြောင်း၊ သံရုံးမှာ ဗီဇာအတွက် တန်းစီစောင့်ဆိုင်းနေသူတွေရှိနေကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

2018-07-26_145326.jpg

Photo: Global Times



အစောပိုင်းအတွင်းတွေအရ အမေရိကန်သံရုံးအနီး ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ရန်ကြိုးပမ်းခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။ ထို့နောက် နာရီအနည်းအကြာမှာ အမေရိကန်သံရုံးအပြင်ဘက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်နှစ်ခုဟာ ဆက်စပ်နေခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။ တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ နေရာတွေကို တိုက်ခိုက်မှုများ ဖြစ်ပွားလေ့မရှိကြောင်း ဒေသခံတွေက ဆိုပါတယ်။

DjAlum3VsAESSTM.jpg

Photo: Weibo



လတ်တလော နှစ်များအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုအဖြစ် ၂၀၁၃ ခုနှစ်က တိန်အန်မင်ရင်ပြင်မှာ လူအုပ်အတွင်း ကားတစ်စီးဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့ဖူးပြီး ကားမောင်းသူအပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။ တရုတ်အစိုးရက အဆိုပါ တိုက်ခိုက်မှုကို ခွဲထွက်ရေးသမား Uighur မွတ်စလင်မ်တို့က လုပ်ဆောင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က