တရုတ်အမျိုးသားနေ့ ဟောင်ကောင်ဆန္ဒပြမှုအတွင်း ထိပ်တိုက်တွေ့ပဋိပက္ခတွေ အဆိုးဆုံးဖြစ်ခဲ့ပါတယ်။
Ko John

ဟောင်ကောင်ဟာ အလွန်အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်လုနီးပါးဖြစ်နေပြီလို့ ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၂ ရက်) သတိပေး ပြောကြားလိုက်ပါတယ်။

(Photo: AFP)

ဟောင်ကောင်မှာ အောက်တိုဘာ ၁ ရက် တရုတ်အမျိုးသားနေ့က အကြမ်းဖက် ဆူပူဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး လူနှစ်ရာကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ ဆယ်ကျော်သက်အရွယ် ဆန္ဒပြသူတစ်ဦး ပစ်ခတ်ခံခဲ့ရပါတယ်။ ယမန်နေ့ ဆူပူဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး ၁,၄၀၀ အထိ စံချိန်တင် အရေအတွက်အဖြစ် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရာဘာကျည်ဆန် ၉၀၀၊ bean bag ကျည်ဆန် ၁၉၀ နဲ့ သတိပေးပစ်ခတ်မှုအဖြစ် ကျည်ဆန်အစစ်သုံးကာ ငါးကြိမ်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တဲ့ ပထမ နှစ်လအတွင်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး ၁,၀၀၀ အသုံးပြုခဲ့ပေမဲ့ ယမန်နေ့တစ်နေ့တည်းမှာတော့ မျက်ရည်ယိုဗုံး ၁,၄၀၀ အထိ အသုံးပြုခဲ့ပြီး ဆူပူဆန္ဒပြမှုအခြေအနေ ပြင်းထန်ကြောင်းထင်ဟပ်စေခဲ့ပါတယ်။

(Photo: Mark Ralston/AFP)

အောက်တိုဘာ ၁ ရက် စုရုံးချီတက် ဆန္ဒပြမှုများအတွင်း လူ ၂၆၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထောက်များနဲ့ ယနေ့တွေ့ဆုံစဉ် အတည်ပြုခဲ့ပါတယ်။ ဖမ်းဆီးခဲ့သူတွေအနက် အသက်အငယ်ဆုံး ၁၂ နှစ်အရွယ်နဲ့ အသက်အကြီးဆုံး ၇၁ နှစ်အရွယ်များ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးမှုဟာ ဟောင်ကောင်ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်ခဲ့ချိန်မှစပြီး တစ်ရက်တည်းမှာ အများဆုံး အရေအတွက် ဖမ်းဆီးမှုလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လေးလနီးပါးရှိပြီဖြစ်တဲ့ ဟောင်ကောင်ဆန္ဒပြမှုများအတွင်း ယမန်နေ့မှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား အဆိုးဆုံး ထိပ်တိုက်တွေ့ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

(Photo: Isaac Lawrence/AFP)

ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အဆောက်အအုံတွေကို ကျောက်ခဲများ၊ ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆန်နဲ့ ရေအမြောက်များဖြင့် တုံ့ပြန်လူစုခွဲရန် လုပ်ဆောင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့အဆိုအရ ဆန္ဒပြသူတွေက ဈေးဆိုင်တွေနဲ့ ပိတ်ထားတဲ့ MRT ဘူတာရုံတွေကိုလည်း ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

"ဒီ အကြမ်းဖက်လုပ်ရပ်တွေအားလုံးက အများပြည်သူ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာပြီး ဟောင်ကောင်ကို အလွန်အန္တရာယ်ရှိတဲ့ အခြေအနေရောက်အောင် တွန်းပို့နေပါတယ်" လို့ ရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ Tang Ping-keung က ယနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။

(Photo: Mary James/AFP)

ဆန္ဒပြသူအချို့ဟာ အမြင်မတူမှုအရ ဆန္ဒပြရာမှာ မပါဝင်ဘဲ ဘေးမှရပ်ကြည့်နေသူတွေကို ကျောက်ခဲနဲ့ မာကျောတဲ့ အရာဝတ္ထုများဖြင့် ပစ်ပေါက်တိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ Tang Ping-keung က ဖြည့်စွက်ပြောခဲ့ပါတယ်။ ဟောင်ကောင်မှာ တရုတ်အမျိုးသားနေ့က ဆန္ဒပြအဓိကရုဏ်းများအတွင်း ရဲတပ်ဖွဲ့ဝင် ၃၀ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံတာဝန်ရှိသူတွေရဲ့ အဆိုအရ ယမန်နေ့က လူ ၇၀ ကျော် ဆေးရုံသို့ရောက်လာခဲ့ကြောင်းလည်း သိရပါတယ်။ ဟောင်ကောင်အာဏာပိုင်တွေက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

(Photo: AFP)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Source: AFP, CNA


က္က