ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဇွန်လကတည်းက ဆက်တိုက် ပေါ်ပေါက်နေခဲ့ပါတယ်။
Ko John

ဟောင်ကောင်မှာ စစ်စခန်းချထားတဲ့ တရုတ်စစ်သားတွေဟာ ဟန်ပြသက်သက်မဟုတ်ဘဲ အခြေအနေတွေ ပိုဆိုးလာပါက ဘာမျှမလုပ်ဘဲ ထိုင်နေစရာ အကြောင်းမရှိဘူးလို့ တရုတ်သတင်းစာ China Daily ရဲ့ အယ်ဒီတာ့အာဘော်မှာ ယနေ့ (သြဂုတ် ၃၀ ရက်) ရေးသားဖော်ပြထားပါတယ်။

(တရုတ်နဲ့ဟောင်ကောင်ကြား Shenzhen မြို့မှာတွေ့ရသည့် တရုတ်စစ်ဘက်ယာဉ်များ) (Photo: AFP)

ဟောင်ကောင်မှာ တပ်စွဲထားတဲ့ တရုတ် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ ပုံမှန်လဲလှယ်မှု ယမန်နေ့ (သြဂုတ် ၂၉ ရက်) မှာ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ အစိုးရက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေ ဇွန်လကတည်းက ဆက်တိုက် ပေါ်ပေါက်နေခဲ့ပြီး တစ်ခါတရံ အကြမ်းဖက် ဆူပူဆန္ဒပြမှုတွေ၊ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ ပဋိပက္ခတွေလည်း ဖြစ်ပွားနေခဲ့ပါတယ်။

(ဟောင်ကောင်အစိုးရ ဆန္ဒပြမှုမြင်ကွင်းတစ်ခု) (Photo: Reutes)

၁၉၉၇ ခုနှစ်မှာ ဗြိတိန်က ဟောင်ကောင်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးကတည်းက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) ရဲ့ တပ်စုတစ်စုကို ဟောင်ကောင်မှာ တပ်စွဲထားခဲ့ပါတယ်။ ဟောင်ကောင်မှာ တပ်စွဲထားတဲ့ တရုတ်တပ်ဖွဲ့တွေက စစ်ရေးလေ့ကျင်မှုတွေ မကြာခဏ ပြုလုပ်လေ့ရှိပေမဲ့ ၎င်းတို့ကို စစ်စခန်းအပြင်ဘက်မှာ မြင်တွေ့ရခဲတယ်လို့ ဆိုပါတယ်။ လေ့လာသုံးသပ်သူတွေရဲ့ အဆိုအရ မြို့စောင့်တပ်အဖြစ် စခန်းချထားတဲ့ တရုတ်တပ်ဖွဲ့ဝင် အရေအတွက်ဟာ ၈,၀၀၀ နဲ့ ၁၀,၀၀၀ ကြားရှိနိုင်ကြောင်းလည်း သိရပါတယ်။

(ဟောင်ကောင်ကို တပ်ဖွဲ့လဲလှယ်ရန် အသစ်ရောက်လာတဲ့ တရုတ်စစ်သားများ) (Photo: AFP)

"အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက မြို့စောင့်တပ်ကိုခေါ်ဖို့ မလိုအပ်ဘူးလို့ ခံစားနေရပေမဲ့ ဒါက အခြေအနေအရ လိုအပ်လာရင် မြို့စောင့်တပ်ကို ခေါ်မှာမဟုတ်ကြောင်း ဆိုလိုတာ မဟုတ်ပါဘူး" လို့ China Daily အယ်ဒီတာ့အာဘော်က ပြောထားပါတယ်။

ဆက်စပ်သိရှိရတဲ့ သတင်းအရ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်စေခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြန်ရုပ်သိမ်းပြီး ဆန္ဒပြသူတွေကို နှစ်သိမ့်ဖျောင်းဖျမယ့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်ရဲ့ ယခုနွေရာသီ အစောပိုင်းက အဆိုပြုချက်ကို တရုတ်အစိုးရက ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

(ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ Joshua Wong) (Photo: InMediaHK.net)

ထိုအတောအတွင်း ယခုလာမယ့် သီတင်းပတ်ကုန်မှာ ပြုလုပ်ရန်သွားရန် စီစဉ်ထားတဲ့ နောက်ထပ် ဆန္ဒပြပွဲတွေ မတိုင်မီ ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ Joshua Wong ကို အာဏာပိုင်တွေက ယနေ့ ဖမ်းဆီးလိုက်ကြောင်းလည်း သိရပါတယ်။

၎င်းကို South Horizons MRT ဘူတာရုံသို့အသွားမှာ ဖမ်းဆီးခဲ့ပြီးနောက် မီနီဗင်ကားတစ်စီးဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း Demosisto ပါတီက တရားဝင် Twitter အကောင့်မှာ ပြောထားပါတယ်။ Joshua Wong အဖမ်းခံရမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာမှာတော့ မှတ်ချက်ပေးခဲ့ခြင်း မရှိကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


က္က