အုပ်ချုပ်ရေးမှူးကာရီလမ်က မူဝါဒရေးရာမိန့်ခွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့တဲ့ ဟောင်ကောင်မှာ အုပ်ချုပ်ရေးမှူးကာရီလမ်က မူဝါဒရေးရာ နှစ်ပတ်လည်မိန့်ခွန်း စတင်ပြောကြားစဉ်မှာပင် လွှတ်တော်အမတ်အချို့က လှောင်ပြောင်အော်ဟစ်ခဲ့ကြမှုကြောင့် မိန့်ခွန်းပြောမှုရပ်ဆိုင်းလိုက်ရပါတယ်။

(Photo: AFP)

အုပ်ချုပ်ရေးမှူးကာရီလမ်က ဟောင်ကောင်ဥပဒေပြုကောင်စီ (ဟောင်ကောင်လွှတ်တော်) မှာ ယနေ့ (အောက်တိုဘာ ၁၆ ရက်) မူဝါဒရေးရာမိန့်ခွန်း ပြောကြားခဲ့တာဖြစ်ပြီး သူမရဲ့အုပ်ချုပ်ရေးအဖွဲ့အပေါ် ယုံကြည်မှုပြန်ရနိုင်ရန် အိမ်ခြံမြေနဲ့ အဆောက်အအုံကိစ္စတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ကြေညာရန်စီစဉ်ထားခဲ့ပါတယ်။



ဟောင်ကောင်လွှတ်တော်မှာ ထိုကဲ့သို့ မိန့်ခွန်းပြောကြားစဉ် ရပ်ဆိုင်းဖျက်သိမ်းရမှုဟာ မကြုံစဖူးအခြေအနေလို့လည်း ဆိုပါတယ်။ အုပ်ချုပ်ရေးမှူးကာရီလမ် မိန့်ခွန်းစတင်ပြောကြားစဉ် လွှတ်တော်အမတ်တွေက ဆန္ဒပြသူတွေရဲ့ အဓိက တောင်းဆိုချက်းငါးချက်နဲ့ပတ်သက်ပြီး အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။

(Photo: AFP)

ကာရီလမ်ရဲ့မိန့်ခွန်းပြောမှု ပထမအကြိမ် ရပ်ဆိုင်းခဲ့ရပြီးနောက် ပြန်လည်စတင်ရာမှာလည်း လွှတ်တော်အမတ်တွေက လှောင်ပြောင်အော်ဟစ်မှုကြောင့် ဒုတိယအကြိမ် ထပ်မံရပ်ဆိုင်းခဲ့ရပြီး ကြိုတင်ရိုက်ကူးထားတဲ့ မိန့်ခွန်းဗီဒီယိုကိုသာ ထုတ်လွှင့်ခဲ့ရကြောင်း BBC သတင်းက ဖော်ပြပါတယ်။

ဟောင်ကောင်မှာ အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်း စီစဉ်လာခဲ့ပြီးနောက် ဇွန်လအစောပိုင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှု ပေါ်ပေါက်နေခဲ့တာ လေးလကျော်ပြီလည်း ဖြစ်ပါတယ်။ ဆန္ဒပြမှုများအတွင်း ဟောင်ကောင်လွှတ်တော်ကို ဇူလိုင်လအတွင်း ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့ကြပြီးနောက် လွှတ်တော်အစည်းအဝေးကို ယနေ့ ပြန်လည်စတင်ခဲ့ပါတယ်။

(Photo: AP)

ယခု ပြန်လည်စတင်တဲ့ လွှတ်တော်အစည်းအဝေးများအတွင်း ဆန္ဒပြမှုတွေပေါ်ပေါက်ကာ ဟောင်ကောင်မှာ နိုင်ငံရေးအကျည်အတည်းနဲ့ ကသောင်းကနင်း အခြေအနေ ဖြစ်ပေါ်စေခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို တရားဝင် ရုပ်သိမ်းသွားမယ်လို့လည်း မျှော်လင့်ရပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြသူတွေက အရွယ်ရောက်ပြီးသူအားလုံး မဲပေးခွင့်ရရန်နဲ့ ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံး ဖြိုခွင်းခဲ့မှုအပေါ် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အပါအဝင် အဓိက တောင်းဆိုချက်ငါးချက်ကို ထုတ်ပြန်တောင်ဆိုးထားကြောင်း သိရပါတယ်။

(Photo: AP)

ဟောင်ကောင်မှာ အာဏာပိုင်တွေက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။




က္က