အုပ်ချုပ်ရေးမှူးက လွှတ်တော်အမတ်တွေရဲ့ မေးခွန်းများကိုဖြေကြားရန် ရောက်ရှိလာခဲ့ပါတယ်။

ဟောင်ကောင်လွှတ်တော်ကို ဒုတိယနေ့အဖြစ် ယနေ့ (အောက်တိုဘာ ၁၇ ရက်) လာရောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးကာရီလမ်ကို ဝေဖန်နှောင့်ယှက်ကြတဲ့ အမတ်များအား လုံခြုံရေးတွေက လွှတ်တော်အပြင်သို့ ဆွဲထုတ်သွားခဲ့ပါတယ်။

(Photo: AP)

ယနေ့ဖြစ်ရပ်ဟာ ပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ ဟောင်ကောင်မှာ နိုင်ငံရေးသဘောထားကွဲလွဲမှု ပြင်းထန်မှုတစ်ခုအဖြစ်လည်း ထင်ဟပ်နေပါတယ်။ ဟောင်ကောင်လွှတ်တော် ပြန်လည်စတင်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၆ ရက်) ကတည်းက အုပ်ချုပ်ရေးမှူးကာရီလမ် မူဝါဒဆိုင်ရာမိန့်ခွန်းပြောရာမှာ အမတ်တွေက လှောင်ပြောင်အော်ဟစ်ကာ ဝေဖန်နှောင့်ယှက်မှုတွေရှိခဲ့ပြီး မိန့်ခွန်းပြောကြားမှုကို ရပ်ဆိုင်းဖျက်သိမ်းခဲ့ရပါတယ်။ ထို့နောက် ကြိုတင်ရိုက်ကူးထားတဲ့ မိန့်ခွန်းပြောကြားမှု ဗီဒီယိုကိုသာ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။



(Photo: AP)

ဟောင်ကောင်မှာ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေ လေးလကျော်ကြား ဖြစ်ပွားနေခဲ့ပြီး ဇူလိုင်လအတွင်း လွှတ်တော်အဆောက်အအုံကို ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လွှတ်တော်အစည်းအဝေးများ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

ယနေ့မှာလည်း အုပ်ချုပ်ရေးမှူးကာရီလမ်က သူမရဲ့ မူဝါဒဆိုင်ရာမိန့်ခွန်းနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရန်အတွက် ရောက်ရှိလာခဲ့ပါတယ်။ သို့သော် ကာရီလမ်ရဲ့ နိုင်ငံရေးအတိုက်အခံ လွှတ်တော်အမတ်တွေက သူမကို ဆန့်ကျင်ဝေဖန်တဲ့ ကြွေးကြော်သံများ သံပြိုင်အော်ဟစ်ခဲ့ကြရာ ၎င်းတို့ကို လုံခြုံရေးတွေက လွှတ်တော်ထဲကနေ ဆွဲထုတ်သွားခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ဟောင်ကောင်မှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပေါ်နေခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ ပဋိပက္ခတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပြီး နှစ်ဖက် ထိခိုုက်ဒဏ်ရာရမှုနဲ့ အခြေံအဆောက်အအုံ အပျက်အစီးများဖြစ်ပေါ်မှုတွေ ရှိခဲ့ပါတယ်။

ဆန္ဒပြသူတွေကို MRT ရထားဘူတာရုံမှာ လူအုပ်စုဖြင့် တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ အောက်တိုဘာ ၁၆ ရက် ညပိုင်းကလည်း ဟောင်ကောင်ဆန္ဒပြမှုတွေကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဂျမ်မီရှမ် (Jimmy Sham) အမည်ကို Mong Kok အရပ်မှာ အမျိုးသားငါးဦးက ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် သွေးထွက်သံယိုဖြင့် ဒဏ်ရာများရခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ 

(Photo: AFP)

ဟောင်ကောင်မှာ အာဏာပိုင်တွေက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှစပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။




က္က