ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ ဆန္ဒပြသူ ၄၄ ဦးကို ဆူပူအုံကြွမှုဖြင့် စွဲချက်တင်ခဲ့ပါတယ်။

ဟောင်ကောင်ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ဇူလိုင် ၃၀ ရက် ညပိုင်းက Kwai Chung ရဲစခန်းအပြင်ဘက်မှာ ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

အဆိုပါ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ၄၄ ဦးကို ဆူပူအုံကြွမှုဖြင့် အစောပိုင်းက စွဲချက်တင်ခဲ့ပါတယ်။ ထိုပြစ်မှုဟာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၃၀ ရက် ညပိုင်းမှာတော့ ဆန္ဒပြသူတွေက ရဲစခန်းအပြင်ဘက်ကို စုရုံးရောက်ရှိလာခဲ့ကြရာ ရဲတပ်ဖွဲ့က ငရုပ်ကောင်းစပရေးနဲ့ ရာဘာတုတ်များသုံးပြီး လူစုခွဲခဲ့ရာမှာ နှစ်ဖက်ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။



ဆန္ဒပြသူတွေက "ဟောင်ကောင်ကို ပြန်သိမ်းကြ၊ ငါတို့ တော်လှရန်ရေးအချိန်ကျပြီ" လို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ ထိုနေ့ မနက်ပိုင်း အသွားအလာ ရှုပ်ထွေများပြားချိန်ကလည်း ဆန္ဒပြသူတွေနဲ့ အရာရှိများ MRT ရထားဘူတာရုံမှာ အချေအတင်ဖြစ်ခဲ့ကြကြောင်း သိရပါတယ်။

(Photo: AFP)

အဆိုပါ ကြွေးကြော်သံကို ထောင်ဒဏ်ကျခံနေရတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ Edward Leung က အသုံးပြုခဲ့ပြီး လတ်တလော သီတင်းပတ်များအတွင်း ဟောင်ကောင်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ထိုသို့ ကြွေးကြော်သံတွေ မြင့်တက်နေခဲ့ပါတယ်။ Edward Leung ဟာ ၂၀၁၆ ခုနှစ် ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဆူပူအုံကြွမှုဖြင့် ယမန်နှစ်အတွင်း ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရပါတယ်။

ယမန်နေ့က စွဲချက်တင်ခံရတဲ့ ဆန္ဒပြသူ ၄၄ ဦးဟာ တနင်္ဂနွေနေ့ (ဇူလိုင် ၂၈ ရက်) ဆန္ဒပြမှုအတွင်း Connaught Road West နဲ့ Des Voeux Road West တစ်လျှောက် Western Street လမ်းအနီးမှာ ဥပဒေမဲ့ လမ်းပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဟောင်ကောင်အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

(Photo: Apple Daily)

"သူတို့က ထီးတွေ၊ သစ်သားချောင်းတွေ၊ ဝါးတုတ်ချောင်းတွေနဲ့ အကာအရံတွေနဲ့ လမ်းပိတ်ဆို့မှုတွေ လုပ်ခဲ့ကြပါတယ်၊ ပလက်ဖောင်းလျှောက်လမ်းမှာခင်းထားတဲ့ အုတ်ခဲတွေကို တူးထုတ်ပစ်တယ်၊ လမ်းဘေးအကာရံတွေ လမ်းညွန်ဆိုင်းဘုတ်တွေနဲ့ မီးတိုင်တွေကို ဖျက်ဆီးခဲ့သလို ရဲအရာရှိတွေကိုလည်း အုတ်ခဲနဲ့ ချွန်ထက်တဲ့ သံချောင်းကဲ့သို့ သေစေနိုင်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်" လို့ ဟောင်ကောင်အစိုးရက ပြောပါတယ်။

ရဲတပ်ဖွဲ့က လူစုခွဲထွက်ခွာကြရန် အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ လိုက်နာခြင်းမရှိတာကြောင့် ည ၇ နာရီခန့်မှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ရဲတပ်ဖွဲ့က လူစုခွဲခဲ့ကြောင်းနဲ့ အသက် ၁၆ နှစ်မှ ၄၁ နှစ်ကြား လူ ၄၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဟောင်ကောင်အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခဲ့သူတွေအနက် ၄၄ ဦးကို ဇူလိုင် ၃၀ ရက် ညနေပိုင်းမှာ ဆူပူအုံကြွမှုဖြင့် စွဲချက်တင်လိုက်ပါတယ်။

၎င်းတို့အနက် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးကိုတော့ ရဲအရာရှိကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုဖြင့်လည်း စွဲချက်တင်ခဲ့ပါတယ်။ ထို့အတူ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း တရားမဝင် လက်နက်များကိုင်ဆောင်မှုဖြင့်လည်း ထပ်မံ စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။ ထိုအတောအတွင်း Kwai Chung ရဲစခန်းအပြင်ဘက်မှာ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆန္ဒပြသူတွေကို သေနတ်အရှည်တစ်လက်ဖြင့် ချိန်ရွယ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုလည်း အွန်လိုင်းမှာပျံ့နှံ့ထွက်ပေါ်ခဲ့ပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဟောင်ကောင်မှာ လက်တလော အခြေအနေတွေအရ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စိုးရိမ်ပူပန်မှုတွေ ြ့မင့်တက်နေပါတယ်။ ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စတင်ပေါ်ပေါက်လာခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဇူလိုင် ၂၇ နဲ့ ၂၈ ရက် နှစ်ရက်ဆက်တိုက်မှာလည်း ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်နေခဲ့ပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Source: AFP, CNA


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က