ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံဆန္ဒပြသူအချို့က တရုတ်အလံများ ကိုင်ဆောင်ထားကြပါတယ်။

ဟောင်ကောင်မှာ ရဲတပ်ဖွဲ့ကို ထောက်ခံဆန္ဒပြသူတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကြား ဒေါသတကြီး ထိပ်တိုက်တွေ့မှုတွေ ယမန်နေ့ (ဇွန် ၃၀ ရက်) က ဖြစ်ပွားခဲ့ပါတယ်။

(ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံကြသူများ) (Photo: AFP)

ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံဆန္ဒပြသူတွေက လူငယ်အများစုပါဝင်တဲ့ အစိုးရအတိုက်အခံ ဆန္ဒပြသူတွေကို မခံချိမခံသာဖြစ်အောင် အော်ဟစ်ပြောဆိုခဲ့ကြရာမှာ လွှတ်တော်အနီး နှစ်ဖက်ထိပ်တိုက်တွေ့မှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်မှာ ယခုလအစောပိုင်းက လူဦးရေ စံချိန်တင်များပြားတဲ့ စုရုံးချီတက် ဆန္ဒပြပွဲနှစ်ခု ပေါ်ပေါက်ခဲ့ပြီး တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးနိုင်တဲ့ ဥပဒေမူကြမ်းကို ကန့်ကွက်ခဲ့ကြပါတယ်။



လူငယ်အများစုပါဝင်တဲ့ အဆိုပါ ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဇွန်လ ၁၂ ရက် ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်များသုံးပြီး ပစ်ခတ်လူစုခွဲခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြမှုတွေကို ဆူပူအုံကြွမှုအဖြစ် သတ်မှတ်ခဲ့ပြီး ၎င်းတို့ရဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။

(ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံကြသူများ) (Photo: AFP)

အတိုက်အခံတွေကတော့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို လူစုခွဲရာမှာ အင်အားအလွန်အကျွံသုံးခဲ့ကြောင်း စွပ်စွဲထားပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရာဘာတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှိက်နေတဲ့ ဗီဒီယိုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ဟောင်ကောင်ရဲဌာနချုပ်ကိုလည်း ဒေါသထွက်နေတဲ့ လူအုပ်စုတွေက ဝိုင်းပတ်ပိတ်ဆို့ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

ဟောင်ကောင်ရဲတပ်ဖွဲ့ကို ယနေ့ ထောက်ခံဆန္ဒပြသူ အများအပြားဟာ အသက်ကြီးပိုင်းတွေဖြစ်ကြပြီး အချို့က တရုတ်နိုင်ငံအလံများ ကိုင်ဆောင်ထားကြပါတယ်။ ယနေ့ ဆန္ဒပြပွဲဟာ တရားခံလွဲှပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြပွဲတွေထက် လူဦးရေလျော့နည်းပေမဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့နဲ့ တရုတ်အစိုးရကို ထောက်ခံသူတွေရှိနေသေးကြောင်း ထင်ဟပ်ပေါ်လွင်စေခဲ့ကြောင်း AFP သတင်းက ပြောပါတယ်။

(ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံကြသူများ) (Photo: Getty Images)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ယခုနှစ် ဇူလိုင် ၁ ရက်မှာ တရုတ်လက်အောက်သို့ ဟောင်ကောင် ပြန်လည်ရောက်ရှိမှု ၂၂ နှစ်ပြည့်မြောက်မှာလည်း ဖြစ်ပါတယ်။ ထိုသို့ ပြန်လည် လွှဲပြောင်းခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။ ဗြိတိန်က ဟောင်ကောင်ကို ပြန်လည်လွှဲပြောင်းပေးမှု နှစ်ပတ်လည်နေ့မှာလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေပြုလုပ်ရန် စီစဉ်ထားတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က